မော်လမြိုင်မှာ လမ်းတွေ ဆိုးဝါးစွာပျက်စီးနေပေမယ့် စစ်အစိုးရ မပြင်ဆင်ဘဲ လျစ်လျူရှုထား
စက်တင်ဘာလ ၃ ရက်
မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ အများပြည်သူ အသုံးပြုနေတဲ့ လမ်ပိုင်းအများစု ဆိုးဆိုးဝါးဝါး ပျက်စီးနေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က မပြင်ဆင်ဘဲ လျစ်လျူရှုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်ထောင်စုလမ်းပိုင်းတွေအပါအဝင် မြို့တွေရဲ့ အဓိက ကျတဲ့ လမ်းမကြီး၊ လမ်းသွယ်တွေ၊ လမ်းကြားတွေကအစ မိုးရွာသွန်းမှုနဲ့အတူ ပြင်ဆင်မှု မရှိတာကြောင့် ချိုင့်ခွက်တွေ ဖြစ်ပေါ်ကာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် သွားရေး လာရေး တွေကအစ အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။
အခုလို လမ်းပိုင်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးနေပေမယ့် စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ လက်အောက်ခံ လမ်းဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့က ပြင်ဆင်မှု တစ်စုံတစ်ရာ ပြုလုပ်တာ မရှိသေးပါဘူး။
ဒေသခံ ယာဉ်မောင်း တစ်ဦးကတော့ လမ်းပိုင်းအများစု တော်တော်လေး ပျက်စီးနေတဲ့အတွက် လမ်းသွားတဲ့ နေရာမှာ စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပြင် ကြန့်ကြာမှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
“ပျက်စီးနေတာက တော်တော်လေး ပျက်စီးနေတယ်။ကုလားဈေး ဘက်တွေရော ဖက်ခင်းဘက်တွေရော လမ်းတွေ ပျက်တဲ့ အတွက် ကျွန်တော်တို့လို ယာဉ်မောင်းတွေအတွက် လမ်းသွားရတာ စိတ်အနှောင့်အယှက် ဖြစ်တယ်။ပြီးရင် ကြန့်ကြာတယ်။ လမ်းတွေကတော့ ပြန်မပြင်ပါဘူး။ဒီအတိုင်းက ဒီအတိုင်းပါပဲ။ ဒုံရင်းက ဒုံရင်းပါပဲ”လို့ ဆိုပါတယ်။
လမ်းတွေ ပျက်စီးနေတာကြောင့် တချို့တွေအနေနဲ့ ချိုင့်ခွက်ကို ဝင်တိုးမိတဲ့အတွက် ဆိုင်ကယ် တိမ်းမှောက်တာတွေ ရှိသလို တချို့က ချိုင့်ခွက်ကို ရှောင်ပြီး မောင်းကြတဲ့အတွက် ယာဉ်မတော်တဆမှုတွေပါ ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသခံ နောက်တစ်ဦးကလည်း လမ်းတွေ ပျက်စီးနေပေမယ့် စည်ပင်သာယာရေးအဖွဲ့က ပြင်ဆင်ပေးတာ မရှိသလို ကိုယ်သဘောနဲ့ကို လှူဒါန်း ပြင်ဆင်ပေးတာတောင် ဌာနဆိုင်ရာတွေက ခွင့်ပြုချက် မရှိဘဲ ပြင်ဆင်တယ်ဆိုပြီး ပြန်ဖျက်သွားတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စည်ပင်က လမ်းတော့ မပြင်ဆင်ဘူးပေါ့နော်။ဒီမော်လမြိုင် ဒိုင်ဝင်ကွင်း အပိုင်းမှာ လမ်းတော်တော်များများက ပျက်စီးကုန်ပြီ။လမ်းတွေ ဘာတွေ ပြင်ဖို့တောင်မှ အခု တချို့ နည်းနည်း ကြီးကြီးမားမားဟာဆိုရင် ကိုယ့်သဘောနဲ့ကို လှူရင်းဒါန်းရင်းနဲ့ ပြင်လို့တောင် မရဘူး။ အဲလိုမျိုး ပြင်လို့ရှိရင် ငါတို့ ခွင့်ပြုချက် ဘယ်သူ့ဆီက တောင်းပြီး လုပ်တာလည်း ဆိုတာ ပြောပြီးတော့ လုပ်ထားပြီးသား အကောင်းကိုတောင်မှ ပြန်ဖျက်သွားတယ်”လို့ ဆိုပါတယ်။
၂၀၂၆ -၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၆၄၀၀ ကျော် သုံးစွဲခွင့်ရရှိထားပြီး အဲဒီထဲမှာ စည်ပင်သာယာရေးအဖွဲ့နဲ့ လမ်းဦးစီးဌာနဟာ ဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၀၀၀၀ ကျော်စီနဲ့ အများဆုံး သုံးစွဲခွင့်ရရှိထားပါတယ်။
လက်ရှိမှာ လမ်းတွေ ပျက်စီးနေတဲ့အပေါ် ဒေသခံတွေအနေနဲ့ ကိုယ်ထူကိုယ်ထ လမ်းတွေရဲ့ ချိုင့်တွေကို မြေဖို့ ပေးတာ၊ သဲကျောက်ထည့်ပေးတာအပြင် လမ်းပျက်စီးနေတာကို ယာဉ်မောင်းတွေ သိရဖို့အတွက် အမှတ်အသား တစ်ခုခု ထားရှိပေးတာတွေကို လုပ်ဆောင် နေရတာ ဖြစ်ပါတယ်။
မော်လမြိုင်မြို့ ကိုတော့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်သန်းက Smart City ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ကြွေးကြော်ထားပေမယ့် လက်ရှိ လမ်းပျက်စီးတာတွေကို ပြင်ဆင်မှု မရှိတဲ့ အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
ဓာတ်ပုံ-CJ
#TLT
#HlaingInfo

41
6
6September 3, 2026 2.5K 1 4