ဘားအံမြို့တွင် ၁ လကြာ စီမံချက်ဖြင့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ဖမ်းဆီးနေ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံများ အခက်ကြုံ
စက်တင်ဘာလ ၂ ရက်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ မြို့တွင်းနှင့် မြို့ပြင်နေရာ ၅ ခု၌ အထိုင်ချစစ်ဆေး၍ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို ၁ လကြာ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူမှုများ အပြင်းအထန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို စစ်ဆေးရေးအဖွဲ့တွင် ယာဉ်ထိန်း၊ ရဲနှင့် အရပ်ဝတ် ထွေ/အုပ်ဝန်ထမ်းများလည်း ပါဝင်ကာ ဘားအံမြို့ရှိ တက္ကသိုလ်မီးပွိုင့်၊ ကြာအင်းလမ်းဆုံ၊ ရွှေကြက်ဖ၊ မဲဘောင်ဈေးနှင့် ရေကျော်ဂိတ် အနီးဝန်းကျင်တို့တွင် အထိုင်ချ၍ စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။
အဆိုပါ ဖမ်းဆီးမှုများအတွင်း တက္ကသိုလ်မီးပွိုင့်အနီးရှိ အလှပြင်ဆိုင်အတွင်း ပုန်းအောင်းကာ အနီးသို့ရောက်ရှိမှ ရုတ်တရက် ထွက်ဖမ်းခြင်း၊ မီးပွိုင့်မိနေသည့် ယာဉ်များကို စစ်ဆေး၍ လိုင်စင်မဲ့ဖြစ်ပါက ယာဉ်များကို သိမ်းဆည်းခြင်းများ ပြုလုပ်နေကြသည်။ ဖမ်းဆီးခံရသည့် ယာဉ်ပိုင်ရှင်များကို "လူပါပြဿနာတက်မည်၊ မလိုက်ခဲ့နဲ့" ဟု ခြိမ်းခြောက်ပြောဆိုကာ လူကို ပြန်လွှတ်ပြီး ယာဉ်များကိုသာ သိမ်းဆည်းထားကြောင်း သိရသည်။
"လာမငိုပြနဲ့၊ ငါတို့မှာ သနားတဲ့စိတ်ဓာတ် ပါမလာဘူး။ လိုင်စင်မဲ့ကား အစီးရေ ပြည့်မီအောင် မဖမ်းနိုင်ရင် ထိခိုက်မှာဆိုးလို့" ဟု ယာဉ်ထိန်း၊ ရဲနှင့် အရပ်ဝတ် စစ်ဆေးရေးအဖွဲ့များက ယာဉ်သိမ်းဆည်းခံရ၍ ငိုယိုတောင်းပန်သည့် ယာဉ်ပိုင်ရှင်များအား တုံ့ပြန်ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဆိုင်ကယ် အစီးရေ ၁၀၀ ကျော်နှင့် မော်တော်ယာဉ် ၃၀ ကျော်အထိရှိခဲ့ပြီး၊ ရွှေကြက်ဖနှင့် တက္ကသိုလ်မီးပွိုင့် လမ်းဆုံတို့တွင် အများဆုံး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် ကျောင်းသူ၊ ကျောင်းသားများ အများအပြား ပါဝင်ကြောင်း သိရှိရသည်။
ထို့အပြင် ဖမ်းဆီးရမိသည့် ယာဉ်များကို ပိုင်ရှင်ကိုယ်တိုင် ရုံးသို့ လာရောက်ထုတ်ယူပါက ပို့သွင်း/ထုတ်ကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုထားခြင်းကြောင့် ယာဉ်ပိုင်ရှင်များမှာ သွားရောက်မထုတ်ယူရဲကြောင်း သိရသည်။
ယခုကဲ့သို့ ၁ လကြာ စီမံချက်ဖြင့် အပြင်းအထန် ဖမ်းဆီးနေမှုကြောင့် ကျောင်းသူ/ကျောင်းသားများကို ကျောင်းကြို၊ ကျောင်းပို့ ပြုလုပ်နေသည့် မိဘများ၊ ရပ်ကွက်နှင့် ကျေးရွာများအကြား ကုန်စည်ပို့ဆောင်နေသည့် ဈေးကားများနှင့် ဆေးရုံ၊ ဆေးခန်း ရက်ချိန်း သွားရောက်ပြသနေရသည့် ကျန်းမာရေးမကောင်းသူများ အပါအဝင် အခြေခံလူတန်းစား ဒေသခံများမှာ သွားရေးလာရေးနှင့် ဝမ်းစာရေးအတွက် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
ဓာတ်ပုံ - ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် ဆိုင်ကယ်များကို လိုက်လံ ဖမ်းဆီး သိမ်းဆည်းနေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo

55
4
2September 2, 2026 2.6K 4