ထားဝယ်နှင့် လောင်းလုံးတို့တွင် စစ်သား ၇ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ ထွက်ပြေးလာသော စစ်သား ၃ ဦးကိုလည်း အရှင် ဖမ်းမိ
စက်တင်ဘာလ ၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့်လောင်းလုံးမြို့နယ်တို့တွင် စစ်သား ၇ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ကာ ထွက်ပြေးလာသော စစ်သား ၃ ဦးကိုလည်း အရှင် ဖမ်းမိခဲ့ကြောင်း Special Guerrilla Force - အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနှစ် မေလ ၅ ရက်နေ့ နံနက် ၁၂ နာရီခန့်တွင် ထားဝယ်မြို့၊ စောမိညိုရပ်ကွက် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်သော စစ်သား ၇ ဦးသည် လက်နက်များပါ ယူဆောင်လာပြီး အထူးပြောက်ကျားတပ်ဖွဲ့ (SGF) ထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်သား ၇ ဦးသည် MA-1 ၁ လက်နှင့် ကျည်ဘောက် ၄ ခု၊ M-16 ၁ လက်နှင့် ကျည်ဘောက် ၂ ခု၊ ကာဘိုင် ၃ လက်နှင့် ကျည်ဘောက် ၄ ခုနှင့် ဘောက်ကာ ၂ လက်နှင့် ကျည်ဆန်များ ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ အလင်းဝင်ရောက်လာသူ ၇ ဦးအား တော်လှန်ရေးရဲဘော်များက ဘေးကင်းရာ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အလားတူ မေလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်ကလည်း လောင်းလုံးမြို့နယ် ရဲစခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးအား အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) ရဲဘော်များ ကင်းပုန်းဝပ်နေသည့် လမ်းပိုင်းတစ်ခုတွင် စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ထံမှ လက်ပစ်ဗုံး ၂ လုံး ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက် စစ်တပ်တွင် မနေထိုင်လို၍ ထွက်ပြေးလာသောကြောင့် ဘေးကင်းရာ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့ကြောင်း အထူးပြောက်ကျားတပ်ဖွဲ့ (SGF) က ပြောဆိုသည်။
#KTM
#HlaingInfo

14
2
1September 3, 2026 713