ကျောက်ပန်းတောင်းတွင် စစ်တပ်စစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ယူဆောင်၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရ
စက်တင်ဘာလ ၃ ရက်
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများနှင့် ငွေကြေးများကို လုယက်ယူဆောင်နေကာ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို စစ်တပ် စစ်ကြောင်းတွင် အင်အား ၄၀၀ ခန့် ပါဝင်ပြီး စစ်သားနှင့် ပျူစောထီးများ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ကြောင်း၊ ယင်းစစ်ကြောင်းတွင် ပွေးကျစ်ရဲစခန်းမှ ပျူစောထီးများနှင့် အနော်ရထာ ၇၈ တပ်ရင်းမှ စစ်သားများ ပါဝင်ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့က စတင်ကာ စစ်ကြောင်းသည် ဒရုန်းများနှင့် ခဲယမ်းများ အပြည့်တင်ဆောင်လာသည့် ကား ၁ စီးနှင့်အတူ ပုပ္ပါးဘက်မှ ဆင်းလာခဲ့ပြီး ပိုဇိုလန် ဘိလပ်မြေစက်ရုံ၊ တောင်ပုရွာ၊ ကံစပ်ကုန်းရွာနှင့် ငရံ့ကုန်းရွာတို့ကို ဖြတ်သန်းကာ ချိုင်းကျေးရွာသို့ ရောက်ရှိချိန်တွင် နေအိမ် ၇ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် အဆိုပါ စစ်ကြောင်းသည် တောင်ပေါ်ကျေးရွာသို့ ဆက်လက်ထွက်ခွာ၍ ညအိပ် စခန်းချခဲ့ကြောင်း၊ ဒေသခံများ၏ ဆိုင်ကယ် ၁၅ စီးနှင့် နေအိမ်များတွင်ရှိသော တန်ဖိုးကြီး ပစ္စည်းများကို ၁၀ ဘီးကားဖြင့် တင်ဆောင်သွားခဲ့ကြောင်း၊ ရွာအထွက်တွင် စစ်ဘေးရှောင် ပြည်သူများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာ ပြည်သူများထံမှ နားကပ်၊ ဆွဲကြိုး၊ လက်စွပ် စသည့် အဖိုးတန် လက်ဝတ်ရတနာများအပြင် ငွေကြေးများနှင့် ဖုန်းများကိုလည်း လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
"မနေ့က အင်အား ၄၀၀ ပါတဲ့ စစ်ကြောင်းက ၁၄ ပေကား ၁ စီး ပေါ်မှာ ဒရုန်းနဲ့ ခဲယမ်းအပြည့်တင်လာပြီး ပုပ္ပါးလွင်ကနေ ဆင်းလာတာပါ။ ပိုဇိုလန်ဘိလပ်မြေစက်ရုံ၊ တောင်ပုရွာ၊ ကံစပ်ကုန်းရွာနဲ့ ငရံ့ကုန်းရွာတွေကို ဖြတ်ပြီးတော့ ချိုင်းရွာအရောက်မှာ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အဲ့စစ်ခွေးတွေက ရွာထဲမှာ ညအိပ်ပြီး ဆိုင်ကယ် ၁၅ စီး နဲ့ အိမ်မှာ ရှိတဲ့အဖိုးတန်ပစ္စည်းတွေကို ၁၀ ဘီးကားနဲ့ အကုန်တင်သွားပြီး ယူသွားသေးတယ်။ ရွာအထွက်မှာလည်း စစ်ရှောင်ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့ပြီး နားကပ် ဆွဲကြိုး လက်စွပ်နဲ့ ငွေတွေ ဖုန်းတွေပါ လုယူသွားတယ်။ အခုစစ်ခွေးတွေက ရွာသစ်ကလေးရွာ ရောက်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကြောင်းသည် ရွာသစ်ကလေးကျေးရွာသို့ ရောက်ရှိနေပြီး ကျေးရွာအတွင်း မွှေနှောက် ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့နောက် ရွာသစ်ကျေးရွာမှတစ်ဆင့် မြောက်တောကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာမည်ဟု သတင်းရရှိထားသဖြင့် အနီးအနားရှိ ပြည်သူများ သတိပြုနိုင်ရန် အသိပေးပြောဆိုထားသည်။
ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo

53
5
5
1September 3, 2026 2.9K 2