မန္တလေးတွင် ကျားဖြန့်သံသယဖြင့် အိမ်တစ်လုံးကို စစ်တပ် ဝင်စီး၊ တရုတ်နှင့် လူငယ်များ ဖမ်းဆီး ခံရ
စက်တင်ဘာလ ၃ ရက်
မန္တလေးမြို့တွင် ကျားဖြန့်လုပ်ကိုင်နေသည်ဆိုသော သံသယဖြင့် အိမ်တစ်လုံးကို စစ်တပ်က ဝင်ရောက် စီးနင်းကာ တရုတ်နိုင်ငံသားအချို့နှင့်လူငယ်များအား ဖမ်းဆီးသွားကြောင်း သိရသည်။
မန္တလေးမြို့၊မဟာအောင်မြေမြိုနယ်၊လမ်း၈၀၊ ၃၉လမ်းနှင့်လမ်း၄၀ကြားရှိ နေအိမ်တစ်လုံးကို စက်တင်ဘာ၂ရက်၊နံနက်၁၀နာရီခန့်တွင် စစ်သား၊ရဲနှင့် ပျူစောထီး အင်အားများစွာဖြင့် ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများထဲ၌ အမျိုးသမီးငယ်များလည်း ပါဝင်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Voice of Mandalay က သတင်းထုတ်ပြန်သည်။
“အဲနားမှာ မျက်မြင်တွေ့တဲ့သူတွေဆီက သိရတာ ကွန်ပျူတာတွေ၊လက်တော့ပ်တွေလည်း အသိမ်း ခံရတယ်တဲ့။စစ်တပ်က ပေါ်တာလည်း စွတ်ဆွဲနေတော့ အနားကပ်ပြီး သွားမကြည့်ရဲကြဘူး။ ခပ် လှမ်းလှမ်းကနေ မြင်ရတာ တရုတ်တွေနဲ့ လူငယ်တွေပေါ့၊ကောင်မလေးတွေလည်း ပါတယ်။၁၂ ယောက်၊၁၃ယောက်လောက် အဖမ်းခံရတယ်”ဟု မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPA သို့ပြောသည်။
မန္တလေးမြို့ပေါ်တွင် ကျားဖြန့်လုပ်ငန်း အထိုက်အလျောက်ရှိပြီး ယခုဖမ်းဆီးခံရမှုမှာ အာဏာပိုင်များ ကို လိုင်းကြေးမပေးဘဲ လုပ်ကိုင်နေသူများဟု ထင်ကြောင်း ၎င်းက ပြောသည်။
“ရွှေကုက္ကိုလ် အဖြိုခံရပြီးတော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေထဲ ဝင်ခိုနေကြတဲ့ တရုတ်တွေ မနည်းဘူးလေ။အခြေအနေနည်းနည်းငြိမ်တော့ မြို့ပေါ်ကနေ သိုသိုသိပ်သိပ် ထပ်လုပ်စားနေကြ တာ”ဟု ၎င်းက ဆက်လက်ပြောသည်။
အစိုးရတုကမူ ယင်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ယနေ့(စက်တင်ဘာ၃ရက်) နေ့ခင်းပိုင်းအထိ သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။
ဓာတ်ပုံ-Myanmar Skylines
ပုံစာ-မန္တလေးမြို့တစ်နေရာ။(ပုံဟောင်း)
#MPA
#HlaingInfo

39
2
1
1
1September 3, 2026 2.1K 9