ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် အကြိမ် ၃၀ ခန့် ဗုံးကြဲမှု အရပ်သားများ ထိခိုက်မှုရှိဟုဆို
စက်တင်ဘာလ ၃ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်များ အုပ်စုလိုက်အသုံးပြု၍ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် မိနစ် ၃၀ ခန့်အတွင်း အကြိမ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုများရှိကြောင်း ဒေသခံများနှင့် အာရက္ခတပ်တော် AA ထံမှ သိရှိရသည်။
အာရက္ခတပ်တော် AA ၏ ထုတ်ပြန်ချက်အရ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်မှ စတင်ကာ အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် ပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင် မြို့နယ် ၃ ခုအစပ်အနီးရှိ ကျေးရွာများကို လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရသည့်နေရာများတွင် ကွမ်းတောင်ကျေးရွာ၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာ၊ မက္ကလာကျေးရွာ၊ ညိုရောင်ကျေးရွာနှင့် မင်းလှကျေးရွာအကြားဒေသများ ပါဝင်ကြောင်း AA က ထုတ်ပြန်သည်။
ထို့ပြင် ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းဒေသရှိ ကြက်ရိုးဆိပ်ကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာများအကြားရှိ နေရာများကိုလည်း စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
AA ၏ ထုတ်ပြန်ချက်အရ စစ်တပ်က ဂျက်တိုက်လေယာဉ် ၄ စီးအသုံးပြုကာ မိနစ် ၃၀ ခန့်အတွင်း အကြိမ်ရေ ၃၀ ခန့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများကလည်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များဘက်သို့ စစ်တပ်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ပြောဆိုသည်။
“ဗုံးကြဲတာ ဟုတ်တယ်။ လေယာဉ်တွေလည်း ဝဲနေတုန်းပဲ။ အရပ်သား ထိခိုက်တာတွေရှိပါတယ်။ ကျန်တာကတော့ AA ဘက်က ထုတ်ပြန်ပါလိမ့်မယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများ၏ ကနဦးပြောဆိုချက်များအရ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပဒေသာကျေးရွာ၊ ကွမ်းတောင်ကျေးရွာ၊ ယာချောင်းကျေးရွာအနီးဝန်းကျင်နှင့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသများဘက်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“လေယာဉ်တွေက ဝဲနေတုန်းဗျ။ ဗုံးတွေ ဆက်တိုက်ကြဲနေလို့ ကျွန်တော်တို့လည်း အသေးစိတ်မသိရသေးဘူး” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။
ယနေ့တွင်ပင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ဂွမြို့၊ ကျိန္တလီမြို့နှင့် ငပလီကမ်းခြေရှိ ဂျိတ်တောရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ဒေသများကိုလည်း အကြမ်းဖက်စစ်တပ်က ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်သင်္ဘောများမှ ရေကြောင်းပစ်ခတ်တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားသည်။
ဂွ၊ ကျိန္တလီနှင့် ဂျိတ်တောဒေသများသို့ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကို ယနေ့ နံနက် ၁၁ နာရီ ၂ မိနစ်ခန့်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။
လက်ရှိတွင် ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဒေသများတွင် ဖြစ်ပွားနေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဂွ၊ ကျိန္တလီ၊ ဂျိတ်တောဒေသများရှိ ရေကြောင်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အသေးစိတ် စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် AA က အာရက္ခဒေသရှိ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကို အထူးသတိထားကြရန် သတိပေးထားပြီး ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ- ရခိုင်ဒေသကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#KTM
#HlaingInfo

46
3September 3, 2026 1.7K 2