ဒဂုံမြို့သစ်နဲ့ တောင်ငူမှာ ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ
စက်တင်ဘာလ ၂ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နဲ့ ပဲခူးတိုင်း၊ တောင်ငူမြို့တို့မှာ စုစုပေါင်း ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်အုပ်စုရဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ (CCDAC MYANMAR) ရဲ့ ဒီကနေ့ စက်တင်ဘာ ၂ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်၊ ရတနာလမ်းရှိ နေအိမ်တစ်အိမ်ကို ဩဂုတ် ၃၁ ရက် ည ၁၀ နာရီခွဲက ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်းကနေ ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၁,၅၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇၆,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဆေးရောင်းဝယ်နေသူလို့ ဆိုသူ ကိုနေဝင်းထွန်း (ခ) ဒန်နီ (၅၂ နှစ်) ကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် (၂၂) ရပ်ကွက် အနီးမှာလည်း ဩဂုတ် ၃၀ ရက် မနက် ၄ နာရီက မော်တော်ယာဉ် ၂ စီးနဲ့အတူ ဒေသကာလ တန်ဖိုးငွေကျပ် ၂,၂၁၉ သိန်းတန် ဘိန်းဖြူ ၆ ဒသမ ၃၄ ကီလိုနဲ့ ငွေကျပ် ၁ ဒသမ ၂၁၅ ဘီလီယံတန် စိတ်ကြွဆေးပြား ၈၁၀,၀၀၀ ပြား၊ စုစုပေါင်း ငွေကျပ် ၁ ဒသမ ၄၃၆၉ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးရမိမှုမှာ ပါဝင်တဲ့ ကိုပန်းအောင် (ခ) အောင်ပေ (၃၉ နှစ်) နဲ့ မနော်ဌေးဌေးစိုး (၂၀ နှစ်) တို့ကို တောင်ငူ မြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက် ဖော်ထုတ်နေကြောင်း CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - CCDAC MYANMAR
#CJP
#HlaingInfo

39
4
3September 2, 2026 2.3K 4