ထိုင်းနိုင်ငံ၊ ဟတ်ယိုင်မြို့တွင် အသက် ၆၂ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး၊
▪️ရုပ်အလောင်းအစိတ်အပိုင်းများ ရထားလမ်းတစ်လျှောက် ပြန့်ကျဲနေ
စက်တင်ဘာလ ၂ ရက်
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်းခလာခရိုင်၊ ဟတ်ယိုင်မြို့မှာရှိတဲ့ ရထားလမ်းပေါ်မှာ အသက် ၆၂ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ရထားတိုက်ခံရပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပြန့်ကျဲကာ သေဆုံးနေတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ ဟတ်ယိုင်မြို့မရဲစခန်းရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
စက်တင်ဘာလ ၁ ရက် မနေ့က ညနေ ၅ နာရီခန့်မှာ ဟတ်ယိုင်မြို့နယ်၊ ဆလွန်ဥသဖေါ (Khlong U-Taphao) ကျေးရွာအုပ်စုမှာရှိတဲ့ လော့ပူရီ ရာမဆွမ်း (Lopburi Ramesuan) တွဲဘက်တံတားအောက် ရထားလမ်းအနီးမှာ အခုလို ပျံ့ကျဲနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဟတ်ယိုင်မြို့မရဲစခန်းက စုံစမ်းစစ်ဆေးရေးမှူးတွေ၊ ဟတ်ယိုင်ဆေးရုံက တာဝန်ကျဆရာဝန်နဲ့ တုံစီဆင်းတုန်း (Tong Sia Siang Tueng) ကယ်ဆယ်ရေးဖောင်ဒေးရှင်းက အဖွဲ့ဝင်တွေ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက် စစ်ဆေးခဲ့ကြပြီး အခင်းဖြစ်ပွားရာ ရထားလမ်းတစ်လျှောက် မီတာ ၁၀၀ ကျော်အကွာအဝေးအထိ သေဆုံးသူရဲ့ ရုပ်အလောင်းအစိတ်အပိုင်းတွေ ပြန့်ကျဲလို့ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခင်းဖြစ်ပွားတဲ့နေရာအနီးမှာ သေဆုံးသူ ပိုင်ဆိုင်တဲ့ နိုင်ငံကူးလက်မှတ် (ပတ်စပို့စ်)၊ လက်ကိုင်ဖုန်း၊ မျက်မှန်၊ လက်နှိပ်ဓာတ်မီး၊ ဆေးထုပ်နဲ့ ပိုက်ဆံအိတ် စတဲ့ ပစ္စည်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ သက်သေခံ ကတ်ပြားပါအချက်အလက်တွေအရ သေဆုံးသူဟာ အသက် ၆၂ နှစ်အရွယ် ဦးကိုဆန်း ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ သေဆုံးသူ ဦးကိုဆန်းဟာ ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက ရထားလမ်းအတိုင်း သို့မဟုတ် ရထားလမ်းဘေးကနေ လမ်းလျှောက်သွားစဉ် ရထားတိုက်ခံခဲ့ရတာ ဖြစ်နိုင်ပြီး နောက်တစ်နေ့ညနေပိုင်းမှသာ ရုပ်အလောင်းကို ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ယူဆထားပါတယ်။
လက်ရှိမှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုနဲ့ ဆွေမျိုးတွေက လာရောက်ဆက်သွယ်ပြီး ဘာသာရေးထုံးတမ်းစဉ်လာအတိုင်း သင်္ဂြိုဟ်နိုင်ဖို့အတွက် ဟတ်ယိုင်ဆေးရုံကို ပို့ဆောင်ထားပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - Bangkok Post
#မောင်း
#HlaingInfo

23
2
1
1September 2, 2026 1.1K 2