မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ဓမ္မအလိုတော်ပြည့်… — Hlaing Info — TG.ME

မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ ဓမ္မအလိုတော်ပြည့် ဘုန်ကြီးကျောင်းကို အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့က အဓမ္မ မီးရှို့ဖျက်ဆီးမှုကို ရဲစခန်းက အရေးယူပေးခြင်းမရှိသေး

စက်တင်ဘာလ ၂  ရက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ဓမ္မအလိုတော်ပြည့်ကျောင်းအား အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် လူတစ်စုမှ အဓမ္မ မီးရှို့ဖျက်ဆီးမှုကို ရဲစခန်းက အရေးယူပေးခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ညောင်ကုန်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီးနောက် ရွာသူရွာသားများ၏ သဘောထားကို ရယူခြင်းမရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဂေါပကအဖွဲ့က ကျောင်းထိုင်ဆရာတော်အသစ် တင်မြှောက်ခဲ့ရာမှ ကျေးရွာအတွင်း ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာတွင် ဓမ္မာစရိယအောင်မြင်ပြီး သာသနာရေးပညာ ဖြန့်ဝေနိုင်သည့် ဆရာတော်တစ်ပါးကို ကျောင်းထိုင်အဖြစ် ပင့်ဆောင်လိုသူများနှင့် ရပ်ရွာဘုန်းကြီးကိုသာ ကျောင်းထိုင်တင်မြှောက်လိုသူများဟူ၍ အုပ်စုနှစ်ဖွဲ့ ကွဲပြားသွားခဲ့သည်။ ဓမ္မာစရိယအောင်မြင်သည့် ဆရာတော်ကို ကိုးကွယ်လိုသည့် အိမ်ထောင်စု ၃၅ စုခန့် ရှိပြီး ယင်းအိမ်ထောင်စုများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သာရေး၊ နာရေးနှင့် ရပ်ရေးရွာရေး ကိစ္စများတွင် ဖယ်ကျဉ်ထားခဲ့သဖြင့် အဆိုပါ အိမ်ထောင်စုများက သီးခြား ဘုန်းကြီးကျောင်းတစ်ကျောင်း ဆောက်လုပ်ကာ ဘာသာရေးလုပ်ငန်းများကို ခွဲခြားဆောင်ရွက်ခဲ့ကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် အုပ်ချုပ်ရေးမှူး ဦးသောင် ဦးဆောင်သည့် လူတစ်စုသည် အဆိုပါ ဓမ္မအလိုတော်ပြည့်ကျောင်းသို့ လာရောက်ကာ အဓမ္မ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့ပြင် ၎င်းတို့နှင့်အတူ လိုက်ပါလာသူများက အိမ်ထောင်စု ၃၅ စုမှ ရွာသူ၊ ရွာသားများကို တုတ်၊ ဓါး၊ လက်နက်များဖြင့် ခြိမ်းခြောက် ရိုက်နှက်မှုများလည်း ကျူးလွန်ခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ထောင်စု ၃၅ စုမှ  ရွာသူ၊ ရွာသားများက မိုးညှင်းမြို့မ ရဲစခန်းအပါအဝင် အခြားဆိုင်ရာ ဌာနအသီးသီးသို့ သွားရောက်တိုင်တန်း အကြောင်းကြားခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

"စခန်းက တရားလိုဘက်ကိုပဲ ခေါ်စစ်ပြီး သူတို့မအားသေးလို့ဆိုပြီး ပြောတယ်။ အမှုကို ဟိုနေ့ရွေ့လိုက် ဒီနေ့ ရွေ့လိုက်နဲ့ အခုထိကို အရေးယူ ဆောင်ရွက်တာမရှိသေးပါဘူး" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အိမ်ထောင်စု ၃၅ စုအနက် မိသားစုတစ်စု၌ နာရေးကိစ္စ ဖြစ်ပွား၍ ကျောင်းဆောင်သစ်မှ ဆရာတော်က နာရေးတရား လာရောက်ဟောကြားစဉ် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့က ကျောက်ခဲများဖြင့် ထုရိုက်ခြင်း၊ နာရေးအိမ်မှ မိသားစုဝင်များကို ဝင်ရောက်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့ ပြုလုပ်မှုကြောင့် အမျိုးသမီးတစ်ဦး ခြေကျိုးသွားခဲ့ပြီး ကျန်မိသားစုဝင်များနှင့် တရားလာရောက်နာယူသူများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

#KTM
#HlaingInfo
🤬35🔥7❤2👏1
September 2, 2026 2K 5