ဆောနှင့် ပေါက်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၂၀ ကျော်ကို… — Hlaing Info — TG.ME

ဆောနှင့် ပေါက်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းက ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီး

စက်တင်ဘာလ ၂ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာသို့ ရောက်ရှိနေသော စစ်တပ် စစ်ကြောင်းက ပြည်သူ ၂၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ၃ ရက်ကြာသည်အထိ မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ယောဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့က ဆောမြို့နယ်အတွင်း လှည့်လည်နေသော အင်အား ၁၂၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် မင်းလယ်ရွာဘက်မှတစ်ဆင့် လမ်း၌တွေ့သမျှ ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးကာ သီးကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသည့် ပြည်သူများကိုပါ ထပ်မံဖမ်းဆီးခဲ့ရာ စုစုပေါင်း ပြည်သူ ၂၀ ကျော် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

ဒေသခံ သတင်းရင်းမြစ်တစ်ဦးက "လမ်းမှာတွေ့တဲ့သူတွေကို ဓားစာခံ ဖမ်းလာတယ်။ ပြီးတော့ ရွာထဲမှာ ထွက်မပြေးနိုင်လို့ ကျန်နေတဲ့သူကို ထပ်ဖမ်းတယ်။ ဖမ်းမိတဲ့ ပြည်သူတွေ ဒီနေ့အထိ တစ်ယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူး။ ဒီနေ့ မနက်ပိုင်းကလည်း ဆောမြို့ပေါ်မှာ စစ်သားတွေ အများကြီး မြင်တွေ့လိုက်ရတယ်။ ရင်းခေါ်နဲ့ မင်းလယ်ရွာတွေဘက်ကို ထပ်လွှတ်တယ်လို့ သိရတယ်" ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဆောမြို့တောင်ဘက်ရှိ မင်းလယ်ရွာနှင့် ရင်းခေါ်ကျေးရွာတို့ဘက်သို့ အင်အား ထပ်မံဖြည့်တင်းကာ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သီးကုန်းရွာတွင် ရောက်ရှိနေသည့် စစ်ကြောင်းသည် ယင်းရွာ၌ပင် အထိုင်ချ တပ်စွဲရန် စီစဉ်နေပြီး ဒရုန်းတပ်ဖွဲ့များပါ ထပ်မံ အင်အားဖြည့်တင်းထားကြောင်း သိရသည်။

ထို့ကြောင့် ဆော-သီးကုန်း-လောင်းရှည် လမ်းပိုင်းတွင် လတ်တလော အခြေအနေအရ စစ်အုပ်စုနှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေး ဆက်လက်တင်းမာနေပြီး ဒေသခံပြည်သူများအနေဖြင့် အသွားအလာ၊ အနေအထိုင်များကို ကြိုတင်သတိထားကြရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း တဲကြီးကျေးရွာတွင် ရောက်ရှိတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကားတန်းသည် ပေါက်မြို့နယ်အတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် အဆိုပါ စစ်တပ် စစ်ကြောင်း၏ ရှေ့ပြေးတပ်ဖွဲ့အချို့သည် ပေါက်မြို့နယ်၊ နယ်သတ်ကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူပိုင် နေအိမ် ၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နံနက် ၁၀ နာရီဝန်းကျင်တွင် တဲကြီးကျေးရွာသို့ ပြန်လည်ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
#KTM
#HlaingInfo
🤬38❤2👏1
September 2, 2026 2.1K 2