Breaking News- ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော… — Hlaing Info — TG.ME

Breaking News- ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ထွက်ခွာလာသော စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက်မှု သင်္ဘော ၄ စီး ထိခိုက်ပျက်စီးသွားပြီးနောက် စစ်သင်္ဘော ၂ စီး ကမ်းကပ်အလံဖြူထောင်၊

▪️အလင်းဝင်သူ စစ်သား ၁၀၀ ကျော်ရှိပြီး ရေထဲသို့ ခုန်ချ ရေကူးထွက်ပြေးသော စစ်သားများလည်းရှိ

စက်တင်ဘာလ ၂ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်မြို့သို့ စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ရေ ယာဉ်အုပ်စုကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက လမ်းတစ်လျှောက် တောက် လျှောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၃ စီး ထိခိုက်ပျက်စီးသွားပြီး ကျန်သင်္ဘော ၂ စီးမှာ ကမ်းဘေးသို့ကပ်ကာ အလံဖြူထောင်လိုက်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် တပ်မ ၃၃ ဒုတပ်မမှူး ဦးစီးသော အကြမ်းဖက်စစ်တပ်၏ စစ်ရေယာဉ်အုပ်စုသည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဦးတည်၍ စတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစစ်ရေယာဉ်အုပ်စုသည် ဗန်းမော်မြို့တွင် ပိတ်မိနေသော အကြမ်းဖက်စစ်တပ်အတွက် စစ်အင်အား၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းရန် ဆန်တက်လာခြင်းဖြစ်ပြီး KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ရွှေကူမှစတင်၍ လမ်းတစ်လျှောက် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံခဲ့ရပြီး စစ်သင်္ဘော ၁ စီးမှာ စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် စင်းခန်းဒေသအနီးတွင်လည်း စစ်ရေယာဉ်အုပ်စုကို ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက် ခိုက်ခဲ့ရာ နောက်ထပ် စစ်သင်္ဘော ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး အခြားစစ်သင်္ဘော ၁ စီးမှာ မီးလောင်ပျက် စီးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုများအတွင်း စစ်သင်္ဘောပေါ်ပါ စစ် သားအချို့မှာ ရေယာဉ်များပျက်စီးသွားပြီးနောက် ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ ရေကူး၍ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရသည်။

KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မသွားနိုင်တော့သော စစ်သင်္ဘော ၂ စီးမှာ မြစ်ကမ်းဘေးသို့ ကပ်ရပ်ကာ အလံဖြူထောင်လိုက်ကြောင်း သိရသည်။

"ရှေ့ဆုံးက စစ်သင်္ဘောပေါ့။ တိုက်သင်္ဘောပေါ့။ အမြှောက်တွေ ပါတယ်။ အဲဒါက အကြီးဆုံး။ အဲဒီကောင်က ရေထဲကို လုံး၀မြုပ်သွားတယ်။ ပြီးတော့ နောက်သင်္ဘော ၁စီးက လုံး၀ မီးလောင်သွားတယ်။ အဲဒီသင်္ဘောက စစ်သားတွေက ရေထဲခုန်ချတယ်။ ပီပါပုံးတွေကို ဖက်ပြီး စစ်သားတွေ မျောလာတယ်။ တချို့စစ်သားတွေ ဂါလံပုံးတွေကို ဖက်ပြီး မျောလာတယ်။ နောက် ၁စီးက အင်ဂျင်ပိုင်း ပျက်စီးပြီးတော့ စင်းခန်း တံတားအောက်မှာ ပျက်နေတာ။အဲဒီအစီးပေါ်က အယောက် ၁၀၀ ကျော်ကတော့ အလင်းဝင်လာတယ်။ ဒီမနက် ကျနော်တို့ တိုက်ိခုက်ပျက်စီးတာက ၄ စီးရှိသွားပြီ။ အဲဒီမှာ ၁ စီးက မြုပ်သွားတာ။ နောက် ၁ စီးက တစ်ဝက်မြုပ် တစ်ဝက်ပေါ်နေတယ်။ နောက် ၁ စီးက စင်းခန်းတံတားအောက် မှာရှိတယ်" ဟု KIA စစ်ရေး သတင်းရင်းမြစ်က အခြေအနေကို အသေးစိတ်ရှင်းပြသည်။

လတ်လော အလံဖြူထောင်သော စစ်သင်္ဘောများပေါ်မှ အလင်းဝင်သူ စစ်သား စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် မြစ်ကြောင်းတစ်လျှောက် လေကြောင်းမှ တိုက်လေယာဉ်အစီး ၂၀ ကျော်ဖြင့် တောက်လျှောက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ စစ်ရေယာဉ်အုပ်စုမှာ မန္တလေးဘက်မှ ဆန်တက်လာခြင်းဖြစ်ပြီး ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ကာ ရက်အနည်းငယ် ရပ်နားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့သို့ ရောက်ရှိနိုင်ရေးအတွက် စစ်တပ်က ဧရာဝတီမြစ်ကြောင်းကို အသုံးပြု၍ စစ်အင်အားနှင့် ရိက္ခာများ ပို့ဆောင်ရန် ကြိုးပမ်းနေသော်လည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက မြစ် ကြောင်းတစ်လျှောက် တောက်လျှောက် စောင့်ကြိုတိုက်ခိုက်နေသဖြင့် စစ်ရေယာဉ်အုပ်စုမှာ အထိနာ မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်နှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

#KTM
#HlaingInfo
❤55👏25👍7😁5
September 2, 2026 1.9K 8