ကြံ့ဖွတ်ပါတီအတွင်း အကွဲအပြဲမရှိဘဲ ညီလာခံ ရွှေ့ဆိုင်းမှုမှာလည်း… — Hlaing Info — TG.ME

ကြံ့ဖွတ်ပါတီအတွင်း အကွဲအပြဲမရှိဘဲ ညီလာခံ ရွှေ့ဆိုင်းမှုမှာလည်း နေရာလုနေမှုများကြောင့်မဟုတ်ဟု ဘူးလက် လှဆွေ ထရှင်း၊

▪️မင်းအောင်လှိုင်၏ လူယုံတချို့ ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ ထပ်တိုးစာရင်းတွင် ပါဝင်လာမည်

စက်တင်ဘာလ ၂ ရက်

အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ကြံ့ဖွတ်ပါတီအတွင်း အကွဲအပြဲမရှိဘဲ ပါတီညီလာခံ ရွှေ့ဆိုင်းမှုမှာလည်း နေရာလုနေမှုများကြောင့်မဟုတ်ကြောင်း ကြံ့ဖွတ်ပါတီ၏ နေပြည်တော်တာဝန်ခံ ဘူးလက် လှဆွေက ယနေ့ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

ကြံ့ဖွတ်ပါတီ၏ ညီလာခံကို စက်တင်ဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့များတွင် ကျင်းပရန် မူလက ရည် ရွယ်ခဲ့သော်လည်း ကြံ့ဖွတ်လွှတ်တော်များကို စက်တင်ဘာလ ၂၁ ရက်နေ့ ခေါ်ယူရန် ပြင်ဆင်နေကြောင်း၊ ပါတီညီလာခံတက်မည့်သူများတွင် ကြံ့ဖွတ်ပါတီမှ အမတ်အများအပြား ပါဝင်နေပြီး နိုင်ငံတစ်ဝန်း နယ်ပယ်အစုံမှ လာရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ပါတီညီလာခံနှင့် လွှတ်တော်အစည်းအဝေးအကြား ၃ ပတ်ခန့် အချိန်ဟနေသဖြင့် နေရပ်ပြန် ရန်လည်း အဆင်မပြေဘဲ နေပြည်တော်တွင် လွှတ်တော်တက်ရန်လည်း ၃ ပတ်ခန့်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြံ့ဖွတ်ပါတီညီလာခံကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ကျင်းပရန် ပြောင်းရွှေ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့ တစ်ရက် အနားယူကာ စက် တင်ဘာလ ၂၁ ရက်နေ့ လွှတ်တော်အစည်းအဝေးများ ခေါ်ယူချိန် တက်ရောက်ရန် ပါတီညီလာခံကို ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း၊ ပါတီတွင်း မည်သည့်အကွဲအပြဲမှ မရှိကြောင်း ဘူးလက်လှဆွေက ဆိုသည်။

"အချို့လူတွေက ပြောနေကြတာ၊ ထင်ကြေးတွေ ပေးနေကြတာပေါ့။ "ဟာ" တဲ့ "ဟိုဟာပေါ့၊ CEC တွေ ရွေးဖို့ရာ တဲ့ အပြောင်းအလဲတွေ ရှိလို" တဲ့၊ အဲဒါကြောင့် "စကားတွေများပြီးတော့ တဲ့ နေရာတွေ လုနေကြတာ ဖြစ်တဲ့အတွက် အဲ... ညီလာခံက တဲ့ ပျက်သွားပြီ" တဲ့၊ "နောက်ဆုတ်နေရတယ်" တဲ့ ဘာညာနဲ့။ အသာလုပ်ပါ... အသာလုပ်ပါ။ ထင်ကြေးတွေကလည်း ရက်စက်တယ်။ အသာလုပ်လိုက်ကြပါ၊ အမှန်က ဘာမှမဟုတ်ဘူး၊ စရိတ်ကုန်မှာစိုးလို့၊ ကိုယ်စားလှယ်တွေ စရိတ်ကုန်မှာစိုးလို့၊ ဒါမှမဟုတ်ရင်လည်း ပြန်လိုက်၊ သွားလိုက် ဖြစ်နေမှာစိုးလို့ အဲဒါ လွှတ်တော် အချိန်နဲ့ ညီလာခံ အချိန်နဲ့ကို ဒီလိုမျိုး အဲ... ကွက်တိကျအောင် နောက်ဆုတ်ပေးလိုက်တာ။ ရိုးရိုးလေးပါ၊ အဲဒါကြီးကို အထူးဆန်းတွေ မတွေးပါနဲ့နော်။ ရိုးရိုးပဲ စဉ်းစား" ဟု ဘူးလက်လှဆွေက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်တစ်ခုကလည်း ကြံ့ဖွတ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် ခင်ရီကိုသာ ဆက် လက်ထားရှိရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်း သဘောတူညီမှုရရှိထားပြီး မင်းအောင်လှိုင်က စေလွှတ်သော လူယုံ ဗိုလ်ချုပ်ကြီးဟောင်းနှင့် ဒုဗိုလ်ချုပ်ကြီးဟောင်း တချို့မှာလည်း ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ် အမှု ဆောင် အဖွဲ့အတွင်း တိုးချဲ့ နောက်တိုးစာရင်းအဖြစ် ပါဝင်လာမည်ဖြစ်ကြောင်း ပြောဆိုသည်။

"CEC အဖွဲ့ထဲမှာတော့ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်းတွေက CEC ထဲမှာပါလာမယ်။ CEC လျာထားစာရင်းထဲမှာ ဦးအောင်လင်းဒွေး၊ ဦးသက်ပုံ၊ ဦးတေဇကျော်၊ ဦးမောင်မောင်အုန်းတို့ ပါလာမယ်လို့ ပါတီဗဟိုကော်မတီထဲမှာ ပြောနေကြပါတယ်။ ညီလာခံမှာ CEC စာရင်းအပြောင်း အလဲတွေ ရှိမယ်။ ဥက္ကဋ္ဌကတော့ ဦးခင်ရီပဲ ဆက်တာဝန်ယူမယ်လို့ သိရတယ်" ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ကြံ့ဖွတ်ပါတီမှာ လက်ရှိတွင် မင်းအောင်လှိုင်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် ရှိနေပြီး ပါတီတွင်း မကျေနပ်မှုများရှိသော်လည်း မင်းအောင်လှိုင်ကို တွန်း လှန်နိုင်သော အင်အားမရှိကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

#KTM
#HlaingInfo
😁32❤3🔥3
September 2, 2026 1.6K 5