ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က နိုင်ငံတကာ… — Hlaing Info — TG.ME

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးမည်ဟု ကြေညာ

စက်တင်ဘာလ ၂ ရက်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၏ မူဝါဒများနှင့် စစ်ဘက်ဆိုင်ရာဥပဒေများကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုလက်ခံယုံကြည်လာစေရန် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး မိမိတို့တပ်ဖွဲ့၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ လိုက်နာကျင့်သုံးနေမှုကိုလည်း နိုင်ငံတကာမှ စောင့်ကြည့်အကဲဖြတ်နိုင်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း KNDF က ကြေညာလိုက်သည်။

ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကရင်နီပြည် တစ်နေရာတွင် ကျင်းပခဲ့သည့် ကရင်နီအမျိုး သားများကာကွယ်ရေးတပ်၏ ပထမအကြိမ်ညီလာခံမှ ထုတ်ပြန်သော ထုတ်ပြန်ချက်နှင့် နိုင်ငံရေးအစီရင်ခံစာမှတစ်ဆင့် ယင်းသို့ အသိပေးကြေညာခြင်းဖြစ်သည်။

KNDF အနေဖြင့် မိမိတို့၏ မူဝါဒနှင့် စစ်ဥပဒေများကို နိုင်ငံတကာက လက်ခံယုံကြည်လာစေရန် ဆက် လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံတကာ စစ်ဘက်ဆိုင်ရာစာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တပ်ဖွဲ့အတွင်း စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်သုံးနေမှုအပေါ် နိုင်ငံတကာမှ စောင့်ကြည့်အကဲဖြတ်ခြင်းကိုလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း KNDF က ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်သည် နွေဦးတော်လှန်ရေးကာလတစ်လျှောက် စည်းလုံးညီ ညွတ်သော တော်လှန်ရေးအင်အားစုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အဆက်မပြတ် ပါဝင်အား ဖြည့်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိလည်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဝန်ကြီး ဌာနများတွင် KNDF ကိုယ်စားလှယ်တစ်ဦးက ဒုတိယဝန်ကြီးအဖြစ် ပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန-MOD နှင့် လက်တွဲကာ စစ်ရေးအစီအမံများ ဆောင်ရွက်ခဲ့သည့်အပြင် မူဝါဒရေးရာဆိုင်ရာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင် စီ-NUCC၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တို့နှင့်လည်း စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

KNDF သည် မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်နေသည့် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ခိုင်မာကျယ်ပြန့်သော တပ်ပေါင်းစုတစ်ရပ် ဖြစ်တည်လာရေး ရည် ရွယ်ဖွဲ့စည်းထားသည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု-SRA တွင်လည်း ချိတ်ဆက်ပါဝင်အားဖြည့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KNDF အနေဖြင့် “မှားယွင်းတဲ့ နိုင်ငံရေးလမ်းကြောင်းထဲကို ကျနော်တို့ KNDF ရဲဘော်များကို ခေါ်သွားမှာ မဟုတ်ဘူး” ဟူသည့် ရပ်တည်ချက်နှင့်အညီ တော်လှန်ရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များကို လက် တွေ့ကျပြီး အားလုံးပါဝင်ခွင့်ရှိသော နိုင်ငံရေးလုပ်ငန်းစဉ်များအတွင်း အကောင်းဆုံးရလဒ်များ ရရှိနိုင်ရေး ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၏ နိုင်ငံရေးကြေညာစာတမ်းတွင် ပါဝင်သည့် မူဝါဒများသည် ယခုညီလာခံကျင်းပချိန်အထိ မှန်ကန်ပြီး လွှမ်းခြုံမှုရှိသည့် နိုင်ငံရေးရပ်တည်ချက်များဖြစ်ကြောင်း KNDF က သုံးသပ်ထားသည်။

အဆိုပါ မူဝါဒများကို ပြည်ထောင်စုအဆင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အကောင်အထည်ဖော်ရာ၌ နိုင်ငံရေးအင်အားစုများအကြား ညီညွတ်မှု၊ ရင့်ကျက်မှုနှင့် အားနည်းချက်များကြောင့် မျှော်မှန်းသလောက် တိုးတက်အောင်မြင်မှု မရရှိနိုင်သေးသည်ကို လက်ခံထားသော်လည်း ကရင်နီပြည်အဆင့်တွင် ယင်းမူဝါဒများကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

KNDF သည် ကရင်နီပြည်အတွင်း လူမျိုးပေါင်းစုံ ညီညွတ်ရေး၊ တန်းတူညီမျှရေးနှင့် အများဆန္ဒအပေါ် အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ရေး ပေါ်ပေါက်လာရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️
❤19👍6😁2
September 2, 2026 926 1 2