ရွှေကူမြို့တွင် ဆိုက်ကပ်ထားသော စစ်သင်္ဘောအုပ်စုက ဗန်းမော်မြို့သို့ ဆန်တက်ရန်အတွက် လေယာဉ်များဖြင့် ဗုံးကျဲ လမ်းကြောင်းရှင်းနေ၊
▪️KIA နှင့် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော စစ်တပ်၏ သင်္ဘောကို မီးရှို့ရှင်းလင်း
စက်တင်ဘာလ ၂ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ဆိုက်ကပ်ထားသော စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုက ဗန်းမော်မြို့ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နိုင်ရေးအတွက် လေယာဉ်များဖြင့် လမ်းကြောင်းတစ်လျှောက် ဗုံးကျဲတိုက်ခိုက်ကာ လမ်းကြောင်းရှင်းလင်းနေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုသည် ဩဂုတ်လ ၂၇ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ပြီးနောက် ဗန်းမော်မြို့ဘက်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ယင်းသို့ ဆန်တက်ရန် ကြိုးပမ်းစဉ် KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကို ဆက်တိုက်ခံနေရကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီဝန်းကျင်မှစတင်၍ ဇင်းဘုံအောက်ဘက်တွင် ရပ်နားထားသော စစ်ကောင်စီ၏ စစ်သင်္ဘောများ အထက်ဘက်သို့ ဆက်လက်ဆန်တက်နိုင်ရန် စတင်လှုပ်ရှားနေကြောင်း၊ စစ်သင်္ဘောများ ဆန်တက်နိုင်ရန်အတွက် စစ်တပ်က လေကြောင်းမှ အပြင်းအထန် ဗုံးကျဲတိုက်ခိုက်ကာ လမ်းကြောင်းရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။
စစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၄ နာရီခွဲမှ ည ၉ နာရီ ၅၀ မိနစ်အထိ Y-12 လေယာဉ်များနှင့် ဂျက်တိုက်လေယာဉ်များဖြင့် အဆက်မပြတ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် ယမန်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်နယ် စင်းခမ်းဘက်တွင်လည်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ အများအပြား လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
တစ်ဖက်တွင်လည်း ဩဂုတ်လနှောင်းပိုင်း ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့သော စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက FPV ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးပြီး ရှေ့ဆက်မောင်းနှင်နိုင်ခြင်းမရှိတော့သည့် စစ်သင်္ဘော ၁ စီးကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်တပ်၏ သင်္ဘောကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
“ဘိုကုန်းမှာ သိမ်းပိုက်ရရှိခဲ့တဲ့ စစ်တပ်ရဲ့ သင်္ဘော ၁ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေက မနေ့က ဖျက်ဆီးလိုက်ပါတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
#KTM
#HlaingInfo

55
10
5
2
1
1September 2, 2026 2.7K 4