မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်ခွင့်ကို လက်ဝါးကြီးအုပ်သည်ဟုဆိုကာ… — Hlaing Info — TG.ME

မလေးရှားသို့ မြန်မာအလုပ်သမား စေလွှတ်ခွင့်ကို လက်ဝါးကြီးအုပ်သည်ဟုဆိုကာ ပြည်ပအလုပ် အကိုင် အေဂျင်စီ ၁၀ ခုကို ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အသင်းဝင်များအဖြစ်မှ ယာယီရပ်ဆိုင်း၊

▪️အေဂျင်စီများအကြား ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့်ရရေး ပြိုင်ဆိုင်မှုများ ဖြစ်ပွားနေ

စက်တင်ဘာလ ၂ ရက်

မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းတွင် သီးခြားလုပ်ပိုင်ခွင့်ရယူကာ လက် ဝါးကြီးအုပ်ဆောင်ရွက်နေသည်ဟုဆိုကာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း အေဂျင်စီ ၁၀ ခုကို အသင်းဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန် ဆောင် မှုလုပ်ငန်းရှင်များအသင်းက ပြောဆိုသည်။

မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်တွင် အသင်းဝင်အေဂျင်စီများအကြား မျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် တန်းတူအခွင့်အရေးရရှိစေရေးအတွက် ကြီးကြပ်ညှိနှိုင်းဆောင်ရွက်နေကြောင်း ပြောဆိုသည်။

သို့ရာတွင် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိထားသည့် အေဂျင်စီအများအပြားရှိနေသော်လည်း မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းတွင် အသင်းဝင်အေဂျင်စီအချို့ကသာ သီးခြားလုပ်ပိုင်ခွင့်ရယူဆောင်ရွက်နေခြင်းကြောင့် အခြားအသင်းဝင်အေဂျင် စီများ၏ တန်းတူအခွင့်အရေးနှင့် မျှတသော လုပ်ငန်းယှဉ်ပြိုင်ခွင့်များကို ထိခိုက်စေသည်ဟု အသင်းက ဆိုသည်။

ယင်းသို့ သီးခြားလုပ်ပိုင်ခွင့်ရယူထားသည့် အေဂျင်စီများ၏ အောက်တွင် အခြားလိုင်စင်ရ အေဂျင်စီများက အဖွဲ့ဝင် အဖြစ် ဝင်ရောက်ပူးပေါင်းလုပ်ကိုင်ရမည်ဆိုပါက တရားဝင်လိုင်စင်ကိုင်ဆောင်ထားသူများအချင်းချင်း တစ်ဆင့်နိမ့် အကူအညီတောင်းခံသကဲ့သို့ ဖြစ်ပေါ်နိုင်ကြောင်း၊ ထိုအခြေအနေကြောင့် အလုပ်သမားများအပေါ် မလိုလားအပ်သော ဝန်ဆောင်ခ ဝန်ထုပ်ဝန်ပိုးများ ကျရောက်လာနိုင်ကြောင်းလည်း အသင်းက ထောက်ပြထားသည်။

ထို့ကြောင့် မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းတွင် သီးခြားလုပ်ပိုင်ခွင့်ရယူ၍ အခြားအသင်းဝင်များ၏ တန်းတူအခွင့်အရေးကို ထိခိုက်စေသည့် လုပ်ဆောင်ချက်များ ရပ် တန့်ရန်၊ အသင်း၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ စည်းကမ်းနှင့် ကျင့်ဝတ်များကို ပြန်လည်လိုက်နာရန်နှင့် အသင်းက စိစစ်မေးမြန်းသည့် ကိစ္စများအတွက် သတ်မှတ်ကာလအတွင်း ရှင်းလင်းချက်တင်ပြရန် အေဂျင်စီ ၁၀ ခုကို ညွှန်ကြားထားသည်။

စိစစ်ဆောင်ရွက်မှုများ ပြီးဆုံးသည်အထိ အဆိုပါ အေဂျင်စီ ၁၀ ခုကို အသင်းဝင်အဖြစ်မှ ယာယီရပ်ဆိုင်းထားကြောင်းနှင့် ယာယီရပ်ဆိုင်းခံရသည့် ကာလအတွင်း အသင်း၏ အမည်၊ အမှတ်တံဆိပ်နှင့် အသင်းဝင်အဖြစ် ရရှိထားသည့် အခွင့်အရေးများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမပြုရန်လည်း အသိပေးထားသည်။

ယာယီရပ်ဆိုင်းခံထားရသည့် အေဂျင်စီ ၁၀ ခုမှာ Lin Yaung Chi International Services Co., Ltd၊ Carrier Worker Co., Ltd၊ Golden Plant Services Co., Ltd၊ Star Butterfly General Services Co., Ltd၊ Virtue International Co., Ltd၊ Golden Win (Shwe Win) Co., Ltd၊ Mingalar Global Manpower Services၊ Moe Moe Family General Services Co., Ltd၊ Shine Hill Co., Ltd နှင့် Thu Kha Su San Services Co., Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အေဂျင်စီ ၁၀ ခုအနေဖြင့် ၎င်းတို့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ နောက်ဆုံးထားကာ စာဖြင့် ရှင်းလင်းတင်ပြနိုင်ကြောင်း၊ တင်ပြလာသည့် ရှင်းလင်းချက်များနှင့် အထောက်အထားများကို အသင်း၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်စိစစ်ပြီး လိုအပ်သလို ဆက်လက်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

"အခုဖြစ်နေတာက အေဂျင်စီတွေ အချင်းချင်းကြားမှာ မနာလိုတာတွေ ဖြစ်နေတယ်။ အေဂျင်စီတစ်ခုက ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ အညီ အလုပ်သမားပိုပြီးတော့ ပို့နိုင်ရင်လည်း အလုပ်မဖြစ်တဲ့ အေ ဂျင်စီက မနာလိုဘူး။ မနာလိုတော့ အမျိုးမျိုး ဒုက္ခပေးတာပေါ့။ စီးပွားရေးလုပ်ကြတာပဲ။ အပြိုင်အဆိုင်တော့ရှိမှာပေါ့။ ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့ညီလို့တောင် ဝန်ကြီးဌာနဘက်က ခွင့်ပြုထားသေးတာပဲ။ ဘာလို့ တောင်မရောက် မြောက်မရောက် လူတွေက ဝင်ပြီး နှိပ်ကွပ်ချင်ကြတာလဲတော့ နားမလည်နိုင်ဘူး" ဟု မလေးရှားသို့ အလုပ်သမားပို့ဆောင်နေသည့် အေဂျင်စီမှ ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

#KTM
#HlaingInfo
🤬40❤5🔥4👍2👎2
September 2, 2026 2.2K 1 6