ရခိုင်မှာ AA ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ကစလို့… — Zin Thaw Naing — TG.ME

ရခိုင်မှာ AA ထိန်းချုပ်ထားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ကစလို့ မြို့နယ် ၇ ခုလောက်မှာ လူတစ်သိန်းလောက် ရေဘေးသင့်နေတယ်။ ရခိုင်ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကို ခံနေရချိန်မှာ ထုံးစံအတိုင်း သွေးခွဲဖို့ ချောင်းနေတဲ့ စစ်ခွေး လော်ဘီတွေရဲ့ ဝါဒဖြန့် ပို့စ်တွေ လိုင်းပေါ်မှာ တွေ့နေရတယ်။

သူတို့ရဲ့ ရေးတာတွေကို ဖတ်ကြည့်ရင် စဉ်းစားတတ်တဲ့ သူတိုင်း ခွက်ထိုးခွက်လန် ရယ်ရမယ့် စာတွေပါပဲ။ AA က သူတို့ စခတွေကို သတ်ထားလို့ ခုလို ကပ်ဘေးကြုံရတာ၊ အရင်လို ဗမာတွေ ဆီက အကူအညီတွေ မရနိုင်တော့ဘူး၊ ခုလိုဖြစ်တာ ဝမ်းသာတယ် စသဖြင့် ပေါက်ပန်းစျေးတွေ လျှောက်ရေးနေကြတာ။

ရခိုင်မှာ မပြောနဲ့ ဗမာ အများစုနေတဲ့ စစ်ကိုင်း ငလျင် တုန်းတောင် ဘာတစ်ခုမှ ထိထိရောက်ရောက် မကူညီတဲ့အပြင် ငလျင်အတွက် ပေးတဲ့ နိုင်ငံတကာ အကူအညီတွေကိုတောင် ပြည်သူတွေကို သတ်ဖို့ စစ်တိုက်တဲ့ နေရာမှာ သုံးခဲ့တဲ့ ကောင်တွေက အခုလိုတွေ ရေးနေ ကြတာ ရယ်စရာ မကောင်းဘူးလား။

တကယ်တော့ သူတို့ အခုလို အသည်းအသန်တွေ သွေးခွဲနေတာက အကြောင်း ရှိပါတယ်။ လတ်တလော သူတို့ အကြောက်ဆုံးက ပြည်မက ဗမာ တော်လှန်ရေး အင်အားစုတွေနဲ့ ရခိုင် တော်လှန်ရေးတပ် သွေးစည်း ညီညွတ်မှု ပိုကောင်းလာမှာကိုပါ။

လက်ရှိ မြေပြင်အခြေအနေကို သေချာကြည့်ရင် AA ဟာ ရခိုင်ပြည် ထဲမှာတင် တိုက်နေတာ မဟုတ်ပါဘူး။ ပြည်မက PDF တွေ၊ တခြား ဗမာ တော်လှန်ရေး အင်အားစုတွေနဲ့ပါ မဟာမိတ်ဖွဲ့ပြီး ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေအထိ ထိထိရောက်ရောက် ထိုးစစ်ဆင်ပြီး စခန်းတွေ သိမ်းနေတာကို စစ်တပ် ဘက်တော်သားတွေ တော်တော် နာကျင်နေတာပါ။

စစ်မြေပြင်မှာ စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ရပြီး အရှုံးကြီး ရှုံးနေတဲ့ စစ်တပ်အတွက် တစ်ခုတည်းသော ထွက်ပေါက်က အဆက်ဆက် သုံးလာခဲ့တဲ့ Divide & Rule သီအိုရီပါပဲ။ ရခိုင်တွေ ဒုက္ခရောက်ချိန်မှာ ပြည်မက ဗမာတွေ မကူညီဘူးလို့ ထင်ယောင် ထင်မှားဖြစ်အောင် ပုံဖော်မယ်။ ရခိုင်နဲ့ ဗမာကြား အမုန်းတရားတွေ ပွားလာအောင် မြှောက်ပေးမယ်။ ဒါဆို သူတို့ သက်သာရာ ရမယ်လို့ တွက်နေတာပါ။

စခလော်ဘီတွေက သူတို့မကူရင်ပဲ ရခိုင်တွေ ဒုက္ခ ရောက်တော့မယောင် ပြောနေပေမယ့် တကယ်တော့ ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ စစ်တပ်ဟာ မိုခါမုန်တိုင်းတုန်းကလည်း ဘာမှ ထိထိရောက်ရောက် လုပ်မပေးခဲ့ပါဘူး။ မြေပြင်မှာ တကယ်တမ်း ကူညီကယ်ဆယ်နေတာက ULA/AA နဲ့ ဒေသခံ ပရဟိတအဖွဲ့တွေသာ ဖြစ်ပါတယ်။

ရခိုင်ဆိုတာ ပင်လယ်ကမ်းမြောင်ဒေသဖြစ်လို့ ရေကြီးတာ၊ မုန်တိုင်းလာတာတွေဟာ သူတို့အတွက် အသစ်အဆန်း မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အောင်မြင်စွာ ဖြတ်ကျော်နေကြတာပါ။ ကမ္ဘာမှာ လူမဆန်ဆုံးနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ စစ်တပ်ကို ထောက်ခံနေသူတွေဆီက အကူအညီကို ရခိုင်တွေက တောင်းလည်း မတောင်းသလို၊ ယူဖို့လည်း စိတ်ကူးမရှိပါဘူး။

ဒါကြောင့် စခလော်ဘီတွေရဲ့ သွေးခွဲတဲ့ narrative ဆတွေကို မေ့ထားပြီး လက်ရှိ တော်လှန်ရေးမှာ ဘယ်သူတွေက မဟာမိတ်လဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ဖို့ပဲ လိုပါတယ်။ရခိုင်နဲ့ ဗမာဟာ ရန်သူတွေ မဟုတ်ပါဘူး။ တူညီတဲ့ ဘုံရန်သူကို အတူတကွ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး မဟာမိတ်တွေသာ ဖြစ်ပါတယ်။

စခ လော်ဘီတွေရဲ့ ဝါဒဖြန့်မှုတွေဟာ သူတို့ဘယ်လောက် အရှုံးပေါ်ပြီး အကြပ်ရိုက် နေသလဲဆိုတာကို ပြသနေတဲ့ သက်သေပါပဲ။ သဘာဝဘေးကြောင့် ဖြစ်လာတဲ့ ရေက အချိန်တန်ရင် ကျသွားမှာပါ။ ဒါပေမဲ့ စစ်ကောင်စီရဲ့ အမုန်းတရား သွေးခွဲမှုတွေကိုတော့ ကျွန်တော်တို့ အားလုံး သတိကြီးကြီးထားပြီး အသိဉာဏ်နဲ့ ဆက်လက် တွန်းလှန် သွားကြရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရေဘေး ကယ်ဆယ်ရေး လုပ်နေသော AA တပ်ဖွဲ့ဝင်များနှင့် ရခိုင် ပရဟိတ အဖွဲ့များ
👍323❤79💯12😁3🥱3
July 13, 2026 15.1K 6 5