ဒီရက်ပိုင်း သတင်းတွေ လေ့လာကြည့်ရင် သမ္မတရူး ခွေးပု တစ်ကောင် နေရာတကာ… — Zin Thaw Naing — TG.ME

ဒီရက်ပိုင်း သတင်းတွေ လေ့လာကြည့်ရင် သမ္မတရူး ခွေးပု တစ်ကောင် နေရာတကာ အရှက်တကွဲ အကျိုးနည်း ဖြစ်နေတာကိုပဲ နေ့တိုင်း တွေ့နေရတယ်။ အခု လောလော လတ်လတ် ရုရှားမှာလုပ်ဖို့ အာဆီယံ အထူးထိပ်သီး အစည်းအဝေးကို တက်ချင်လွန်းလို့ ရုရှား သံအမတ်ကိုပါ ခြေသလုံးဖက် တောင်းပန်ခဲ့ပေမယ့် အာဆီယံက သူ့ကို လူရာမသွင်းချင်လို့ ငြင်းလွှတ် လိုက်တယ်။ ခုတော့ အရှက်ပြေ တရုတ် ခရီးစဉ်ဆိုပြီး သွားလေရဲ့။

အဲလို သွားလို့လည်း တူတူတန်တန် ဆက်ဆံ ခံရသလား ဆိုတော့ အိန္ဒိယမှာ ဖြစ်ခဲ့တာပဲ ကြည့်လိုက်။ ရှေ့မှာ ဦးထင်ကျော် လာလာ၊ ဦးဝင်းမြင့် လာလာ၊ အမေစု လာလာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တခမ်းတနား ကြိုခဲ့တဲ့ အိန္ဒိယက ခွေးပုကျတော့ မယားပါသားလေး ခိုင်းဖို့ ခေါ်တွေ့သလို ဝတ်ကျေတန်းကျေပဲ ဆက်ဆံခဲ့တယ်။ သူ့ခမြာ သမ္မတ ဖြစ်ချင်လွန်းလို့ ဘောင်းဘီချွတ်ပြီး ချိတ်ထမီ ဝတ်ပြ ပေမယ့် ခုချိန်ထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းမှာ သမ္မတက ဦးဝင်းမြင့်ပဲ။ သံတမန်က ဦးကျော်မိုးထွန်းပဲ။ ဘာမှ မပြောင်းလဲဘူး။

ပြောင်းလဲသွားတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ နာမည်ပျက်စာရင်းမှာ မြောက်ကိုရီးယား၊ အီရန်တို့လို Blacklist ဖြစ်သွားတာပဲ။ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုနဲ့ လက်နက်ခဲယမ်း အတွက် ဘဏ္ဍာငွေ အသုံးပြုမှုတွေကြောင့် တိုးမြှင့်စိစစ်ဖို့နဲ့ တန်ပြန်အရေးယူဖို့ FATF က တိုက်တွန်းထားတယ်။ အိမ်နီးချင်း ဗီယက်နမ်နဲ့ လာအိုတောင် Grey List ဖြစ်သွားတဲ့ အချိန်မှာ မြန်မာကတော့ ခွေးပု ကောင်းမှုနဲ့ အမှောင်ထုထဲ ပိုပိုရောက်သွားပြီ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။ ဂျီနီဗာမှာ လုပ်တဲ့ အလုပ်သမားညီလာခံ (ILC) မှာ မြန်မာစစ်တပ်ရဲ့ ကလေးသူငယ် အဓမ္မ စစ်မှုထမ်းစုဆောင်းမှုနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို ပြင်းပြင်း ထန်ထန် ရှုံ့ချထားတယ်။ ကွန်ဗင်းရှင်း ပုဒ်မ ၈၇ နှင့် ပုဒ်မ ၂၉ ချိုးဖောက်နေမှုတွေ အတွက် စုံစမ်းစစ်ဆေးဖို့နဲ့ ၂၀၂၆ စက်တင်ဘာ ၂၁ ရက် နောက်ဆုံးထားပြီး ILO ညွှန်ချုပ်ထံ တင်ပြဖို့၊ နောက်ဆက်တွဲ အရေးယူမှုတွေ ဆက်လုပ်ဖို့တွေ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။

ဒုက္ခိတ ပျားတုပ် ဆိုသလိုပဲ နဂိုကမှ မရှိတဲ့စောင်ရှက်ကို Meta က ထပ်ခွဲပြန်တယ်။ စစ်တပ်ပိုင် Mytel ရဲ့ တိုင်းပြည်ဘဏ္ဍာ ကနေ မတရား ရယူထားတဲ့ ဒေါ်လာသန်းပေါင်း များစွာ အသုံးပြုပြီး ကမ္ဘာ့ဖလား ထုတ်လွှင့်ခွင့် အတွက် မူပိုင်ခွင့် ဝယ်ထားတဲ့ TV360 app Facebook page ကြီးကို Meta က အပြီး ဘန်းချပစ် လိုက်တယ်။ ကမ္ဘာ့ဖလားကို အသုံးချပြီး လူထု စိတ်ဝင်စားမှု ရယူဖို့နဲ့ ဝါဒဖြန့် ယန္တရား အဖြစ် အသက်သွင်းဖို့ လုပ်ထားတာတွေ တစိတ်တပိုင်း ပလုံသွားတဲ့ သဘောပေါ့။

ဒီမှာတင် မပြီးသေးဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း၊ လပိုင်းတွေ အတွင်းမှာပဲ အမေရိကန် လွှတ်တော်၊ ဗြိတိန် လွှတ်တော်တွေ အပါအဝင် သိက္ခာရှိတဲ့ ကမ္ဘာ့ နိုင်ငံရေး အသိုင်းအဝိုင်း မှာလည်း အကြမ်းဖက် လုပ်ရပ်တွေ တစိုက်မတ်မတ် လုပ်နေတဲ့ မင်းအောင်လှိုင် ဓားပြတပ်နဲ့ ဆက်စပ် အဖွဲ့အစည်းတွေကို ထပ်မံ အရေးယူမှုတွေ လုပ်ဖို့ အသံတွေ ကျယ်ကျယ် လောင်လောင် ထွက်ခဲ့ကြတယ်။ သူတို့ရဲ့ ပိတ်ဆို့မှုတွေကို ဂရုမစိုက်ရင်တောင် ခွေးပုရဲ့ တရားဝင် အစိုးရဖြစ်ရေး အိပ်မက်ကတော့ ဆပ်ပြာ ပူဖောင်းလို ဖောက်ကနဲ ဖြစ်သွားတာပဲ။

ဒီလို ကမ္ဘာကြီးက မင်းအောင်လှိုင်ကို အဖက်မလုပ်ဘဲ ဖယ်ကြဉ် ထားတာဟာ ဟပ်ချလောင်း ဆိုပြီး ဒီအတိုင်း အလိုလို သဘောပေါက် နားလည်သွားလို့ မဟုတ်ပါဘူး။ ရက်ရှည်လများ အသက်၊ သွေး၊ ချွေး၊ ဘဝတွေပေးဆပ်ပြီး မဆုတ်မနစ် အံတုတိုက်ပွဲဝင် နေကြတဲ့ နွေဦး တော်လှန်ရေး အင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေ ကြောင့်သာ ဖြစ်ပါတယ်။ သူတို့သာ လက်လျှော့လိုက် မယ်ဆိုရင် စကစရဲ့ မတရားမှုတွေကို ကမ္ဘာကြီးက လျစ်လှူရှုပြီး ပုံမှန်ဆက်ဆံရေး ထူထောင်သွားမှာ အသေအချာပါပဲ။

မင်းအောင်လှိုင်ကို အစည်းအဝေး ခန်းမထဲ အဝင်မခံတာက စလို့ နာမည်ပျက်စာရင်း သွင်းတာ၊ အရေးယူဖို့ တောင်းဆို နေတာတွေအဆုံး သမိုင်းဝင် ဖြစ်ရပ်တွေဟာ ခင်ဗျားတို့ ကျွန်တော်တို့ လက်မလျှော့ ခဲ့ကြလို့ ဖြစ်လာတာပါ။ ဒါကြောင့် တော်လှန်ရေးမှာ ဘယ်သူတွေ လက်လျှော့သွားတာ ဖြစ်ဖြစ်၊ ဘက်ပြောင်းသွားတာ ဖြစ်ဖြစ် ကျန်နေတဲ့ သူတွေက မတရားမှုကို ခေါင်းငုံ့မခံဘဲ ဇွဲရှိရှိနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြဖို့ အရမ်းပဲ အရေးကြီး ပါတယ်။
👍439❤111👏13😁1🥱1🥴1
June 15, 2026 21.7K 2 5