စစ်သတင်းဆိုတာ ကိုယ်လိုရာဆွဲပြီး ကောက်ချက်ချလို့ရတဲ့ သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအချိန်အထိ ဘယ်ဘက်ကမှ အပြတ်အသတ် အသာစီးရနေတာမျိုး မဟုတ်ဘဲ နှစ်ဖက်စစ်ရေး အပြန်အလှန် ဖြစ်နေတာ မို့လို့ပါ။ တချို့ ဗျူဟာမြောက် ဒေသတွေမှာဆိုရင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ လူအင်အား၊ နယ်မြေစိုးမိုးမှုက ရန်သူ့ထက်တောင် ပိုသာနေပါသေးတယ်။
ဒါကြောင့် စစ်မြေပြင်မှာ တိုက်ပွဲဖြစ်ပြီဆိုရင် အနိုင်အရှုံးဆိုတာ တစ်ချက်ချင်း၊ တစ်ကွက်ချင်းစီပဲ သွားနေတာပါ။ ဥပမာ- မြို့တစ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ပြန်ဝင်နိုင်ရုံနဲ့ တစ်နယ်လုံးကို သူတို့ ပြန်စိုးမိုးသွားတာ မဟုတ်ပါဘူး။ မြို့ပတ်လည်က ကျေးရွာတိုင်းမှာ တော်လှန်ရေးတပ်တွေ ရှိနေဆဲဖြစ်ပြီး၊ မြေပြင်စိုးမိုးမှုနဲ့ လူအင်အားပိုင်းမှာ မြို့ပေါ်ထက် ကျေးရွာဘက်တွေက ပိုတောင် တောင့်တင်းပါသေးတယ်။
နယ်မြေတစ်ခုလုံးကို အပြတ်အသတ် သိမ်းပိုက်နိုင်တာမျိုးက ၁၀၂၇ စစ်ဆင်ရေးတုန်းက ရှမ်းမြောက်ဒေသ၊ ရခိုင်၊ ကချင်၊ ချင်းနဲ့ ကရင်နီ ဘက်က မြို့သိမ်းတိုက်ပွဲတွေမှာပဲ ရှိခဲ့တာပါ။ အဲဒီဒေသတွေမှာတော့ စကစရဲ့ စစ်ဗျူဟာ ယန္တရားတစ်ခုလုံး ပြိုလဲပြီး စခန်းတွေစွန့်လွှတ်လိုက်ရတာနဲ့ သူတို့အတွက် ခိုလှုံစရာ လုံးဝ မရှိတော့ဘဲ အကုန်ထားခဲ့ပြီး ထွက်ပြေးခဲ့ရတာ။ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ ပြည်သူက ပေါက်ဖွားလာတာမို့ ပြည်သူရှိတဲ့နေရာတိုင်းဟာ သူတို့အိမ်ပါပဲ။ နယ်မြေထဲကနေ အမြစ်ပြတ် မောင်းထုတ်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူပါဘူး။
နောက်တစ်ချက်က စကစဟာ တစ်နိုင်ငံလုံးက ပြည်သူတွေကို သူတို့ရဲ့ စစ်သုံ့ပန်းလို သဘောထားနေတာပါ။ သူတို့ရဲ့ သန္ဓေတွေကလွဲရင် ပစတွေရော၊ ပျူတွေကော၊ သာမန်ပြည်သူတွေကောဟာ သူတို့လူတွေ မဟုတ်ပါဘူး။ ရန်သူ့နယ်မြေကနေ ဖမ်းခေါ်လာတဲ့ ဓားစာခံတွေလိုပဲ မြင်တာ။ ဒါကြောင့်လည်း တိုက်ပွဲတွေမှာ ဒီလူတွေ သေချင်သေပစေဆိုပြီး အကာအကွယ်လို ရှေ့ကနေ ဒိုင်းလုပ်ပြီး တက်ခိုင်းနေတာ ဖြစ်ပါတယ်။
ကျွန်တော်တို့ဘက်မှာတော့ ကိုယ့်တပ်သား တစ် ယောက်ချင်းစီကော၊ ပြည်သူတွေကောဟာ ကိုယ့် မိသားစုဝင်တွေ ဖြစ်သလို၊ ရန်သူ့ဘက်က ပစတွေတောင် လက်နက်ချရင် ကိုယ့်လူအဖြစ်ပဲ သဘောထားပါတယ်။ အဲဒီတော့ အသေအပျောက် များမယ့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို မလွှဲမရှောင်သာမှပဲ ရွေးချယ် လေ့ရှိပါတယ်။ စကစက ဒါကို အခွင့်ကောင်းယူပြီး ဝါဒဖြန့်လို့ကောင်းမယ့် နေရာတွေကို အသေခံတိုး၊ ဓာတ်ပုံရိုက်ပြပြီး သူတို့နိုင်နေပါပြီဆိုပြီး ဆိုက်ဝါးလွှင့်နေတာပါ။
ကျွန်တော် ပုံမှန်တင်ပေးလေ့ရှိတဲ့ သတင်းသုံးသပ် ချက်တွေဟာ မြေပြင်က တကယ့် အရှိတရားတွေချည်းပါပဲ။ ဘယ်အချက်မှ လုပ်ကြံဖန်တီးထားတာ မရှိသလို၊ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြပြီးသား သတင်းတွေကိုပဲ အခြေခံထားတာပါ။ ရန်သူ့ရဲ့ Psywar ထဲမှာ မျောပါပြီး ကိုယ့်ဘက်က တော်တော်လေး နိမ့်နေပြီလို့ စိုးရိမ်စိတ်ပူနေကြမှာစိုးလို့ စစ်ဆိုတာ ဒီလိုပဲ အပြန်အလှန် ရှိတတ်တယ်ဆိုတဲ့ သဘောကို သိမြင်စေချင်လို့ တင်ပေးရခြင်း ဖြစ်ပါတယ်။
ထင်သာမြင်သာရှိတဲ့ ဥပမာတစ်ခု ပြရရင် ဟိုတလောက တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ ပေါက်က ပျူရွာတွေဆိုရင် အဲဒီနယ်တစ်ဝိုက်မှာ စစ်တပ် တပ်ထက်တောင် ပိုပြီး အန္တရာယ်ကြီးတဲ့ အဖွဲ့တွေပါ။ နယ်မြေလည်း ကျွမ်းကျင်သလို လက်နက်ခဲယမ်းလည်း လိုသလောက် ရထားတာ။ ကိုယ့်ဘက် ကတော့ အိမ်ပေါင်၊ နွားပေါင်ပြီး တစ်လက်ချင်း၊ တစ်တောင့်ချင်း ခက်ခက်ခဲခဲ ဝယ်စုခဲ့ရတာပါ။ အဲဒီလို ခိုင်မာပါတယ်ဆိုတဲ့ ပျူရွာတွေတောင် အခုဆိုရင် မျက်စိရှေ့တင် တဖြုတ်ဖြုတ်နဲ့ ကျရှုံးနေခဲ့ပါပြီ။
လတ်တလောမှာ စစ်ကောင်စီဘက်က လက်နက်၊ နည်းပညာနဲ့ လူအင်အားတွေ ဖြည့်တင်းပြီး ပြန်စစ်ဆင်နေတာ မှန်သလို၊ ကိုယ့်ဘက်က တချို့နေရာတွေကို မဟာဗျူဟာအရ ပြန်ဆုတ် ပေးလိုက်ရတာလည်း ရှိပါတယ်။ ဒါဟာ တော်လှန်ရေး ဘက်က နိမ့်သွားတာ ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ကိုယ့် ဘက်ကလည်း စဉ်ဆက်မပြတ် တိုးတက် ပြောင်းလဲနေတာမို့ အရင်လို ကိုယ်ကချည်း တစ်ဖက်သတ် အသာစီးရနေတဲ့အခြေအနေကနေ သူတင်ကိုယ်တင် အကြိတ်အနယ် ရင်ဆိုင်နေရတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။
331
88
3
2
1June 13, 2026 18.2K 1 3