ဗန်းမော်အနီး တိုက်ခိုက်ခံရအပြီး စစ်ရေယာဉ်အုပ်ဖြင့် ထပ်မံ အင်အားဖြည့်ရန် ကြိုးစားလာ
ဧရာဝတီ၊ စက်တင်ဘာ ၅၊ ၂၀၂၆
ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ဩဂုတ်လအတွင်း ဆန်တက်ခဲ့သည့် စစ်သင်္ဘောများ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ခိုက်ခံရ၍ ၇ စီးသာ ရောက်ရှိခဲ့ပြီး ကမ်းကပ်ထားသော သင်္ဘောတချို့ ထပ်မံတိုက်ခိုက်ခံနေရချိန် စစ်ကူနှင့် ရိက္ခာခဲယမ်းများ ဖြည့်တင်းရန် ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ရေးစစ်သင်္ဘော ၆ စီး ဦးဆောင်ပြီး စစ်ရေယာဉ် အစီး ၂၀ ကျော် မန္တလေးမြို့ဂေါဝိန်ဆိပ်မှ ထပ်မံဆန်တက်သွားကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစစ်ရေယာဉ်အုပ်တွင် လူ၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ တင်ဆောင်ထားသည့် တွဲသင်္ဘောများနှင့် တိုက်ခိုက်ရေးစစ် သင်္ဘောများ အပါအဝင် အစီးရေ ၄၀ ကျော်အထိ ရှိပြီး မန္တလေးဂေါဝိန်ဆိပ်မှ ယနေ့ နံနက် ၅ နာရီကျော်တွင် စတင် ဆန်တက်သွားခြင်းဟု သိရသည်။
တိုက်ခိုက်ရေး သင်္ဘောများ အပါအဝင် စုစုပေါင်း ၆ စီးသည် မတ္တရာမြို့နယ်အနောက်ခြမ်း ဘိုးကြီးကျွန်းအရှေ့ဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက်ဆန်တက်နေသလို တွဲသင်္ဘောများ ပါဝင်သော အစီး ၂၀ ကျော်သည်လည်း မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာအနောက်ဘက်မှနေ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန်တက် နေကြောင်း သိရသည်။
“မန္တလေးဆိပ်ကမ်းကနေလည်း ဆက်ပြီး ထွက်လာနေတာတွေ ရှိသေးတယ်၊ အားလုံးပေါင်းဆိုရင် အစီး ၄၀ ကျော်မယ်၊ အခုထိတော့ လေကြောင်း ကင်းထောက်တွေ မပါသေးဘူး”ဟု စစ်ရေယာဉ်အုပ်အား စောင့်ကြည့်နေသည့် Wetlet Informational Network မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ ရေယာဉ်အုပ်စု ဆန်တက်ရာ လမ်းကြောင်းတလျောက် လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် မြစ်ကမ်းဘေး မတ္တရာမြို့နယ်နှင့် ဧရာဝတီမြစ်ကမ်းဘေးတလျောက်ရှိ ပြည်သူများအနေဖြင့် လက်နက်ကြီးအန္တရာယ်ကို အထူးဂရုပြု ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။
ဩဂုတ်လလယ်ပိုင်းက ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့သော စစ်သင်္ဘော ၁၅ စီးသည် မြစ်ကြောင်းတလျောက် ကြားဖြတ်တိုက်ခိုက်ခံရသလို ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာအနီးသို့ ရောက်ရှိချိန်တွင် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တွဲသင်္ဘောတစီး စစ်သားများနှင့်အတူ နစ်မြှုပ်သွားခဲ့ရာ ၈ စီးခန့် မီးလောင်ပျက်စီးပြီး စစ်သင်္ဘော ၂ စီးမှ စစ်သားနှင့်မိသားစုဝင် ၁၉၀ ဦး အလံဖြူထောင် အညံ့ခံခဲ့သည်။
ဓာတ်ပုံ-Wetlet Information Network
#WhatsHappeningInMyanmar
#RejectMilitaryCoup
24
8
5
2
1September 5, 2026 2.6K 2