အစ္စရေးတဦး ထိုင်း ပြည်နှင်ဒဏ်ပေး ဧရာဝတီ၊ စက်တင်ဘာ ၅၊၂၀၂၆… — The Irrawaddy - Burmese — TG.ME

အစ္စရေးတဦး ထိုင်း ပြည်နှင်ဒဏ်ပေး

ဧရာဝတီ၊ စက်တင်ဘာ ၅၊၂၀၂၆

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံသား ယာကော့ဗ် အိုဟာယွန်အား အများပြည်သူ အေးချမ်းသာယာရေး နှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်၍ ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်လိုက်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

စက်တင်ဘာလ ၄ ရက်က ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး အနုတင် ချာန်ဗီရာကူးလ် လက်မှတ်ရေးထိုးခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ အိုဟာယွန်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၂ အရ ခြိမ်းခြောက်မှုဖြင့် အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည့် ဆမွေ ခရိုင်တရားရုံး၏ ဒီကရီအပြီးတွင် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆမွေကျွန်းရှိ တိရစ္ဆာန်ရုံပိုင်ရှင်ကို ခြိမ်းခြောက်မှုဖြင့် လွန်ခဲ့သောလက ပြစ်ဒဏ်ကျခံခဲ့ရသည့် ယာကော့ဗ် အိုဟာယွန်သည် ပြည်နှင်ဒဏ်ဆိုင်ရာ စည်းမျဉ်းသစ်များအောက်တွင် ထိုင်းနိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးခံရသည့် ပထမဆုံးသော နိုင်ငံခြားသား ဖြစ်လာခဲ့သည်။

၎င်းသည် တိရစ္ဆာန်ရုံပိုင်ရှင်ထံ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ခြိမ်းခြောက်စာများပေးပို့ခဲ့သဖြင့် နစ်နာသူမှာ ထိတ်လန့်ကြောက်ရွံ့စေခဲ့ကြောင်း၊ ထို့အတွက် တရားရုံးက ထောင် ၁ လနှင့် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ စီရင်ခဲ့ကြောင်း၊ အပြစ်ရှိသည်ဟု ဝန်ခံသဖြင့် ပြစ်ဒဏ် တဝက်လျှော့ချကာ ထောင် ၁၅ရက်ဖြင့် ဒဏ်ငွေ ဘတ် ၅,၀၀၀ သို့ ပြောင်းလဲခဲ့ကြောင်း၊ သို့သော် ပြည်ထဲရေးဝန်ကြီးဌာနက ၎င်း၏ အပြုအမူဆောင်များသည်အများပြည်သူ၏ အေးချမ်းသာယာရေး၊ ကောင်းမွန်သော စာရိတ္တနှင့် အထွေထွေ ညီညွတ်မျှတရေးတို့အား ထိခိုက်စေသည်ဟု ဆုံးဖြတ်ခဲ့သဖြင့် ၁၉၅၆ ခုနှစ် ပြည်နှင်ဒဏ်ဆိုင် ရာ အက်ဥပဒေ (BE 2499) ပုဒ်မ ၅ အရ ၎င်းအား နိုင်ငံတော်အတွင်းမှ နှင်ထုတ်ရန် လိုအပ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၇၆ ခုနှစ် ပြည်နှင် ဒဏ်ဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်းများ (BE 2519) အပိုဒ် ၄ နှင့် ပေါင်းစပ်ကျင့်သုံး၍ ပြည်ထဲရေးဝန်ကြီးသည် အိုဟာယွန်အား ထိုင်းနိုင်ငံအတွင်းမှ ပြည်နှင်ဒဏ်ပေးရန် တရားဝင် အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းအက်ဥပဒေ၏ ပုဒ်မ ၈ အရ အိုဟာယွန်သည် တရားဝင် အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှစ၍ ၇ ရက်အတွင်း ပြည်နှင်ဒဏ်အမိန့်အား ဆိုင်းငံ့ပေးပါရန် ဝန်ကြီးချုပ်ထံ အယူခံဝင်ခွင့် ရှိနေဆဲဖြစ်သည်။

ပုံစာ- ထိုင်းဝန်ကြီးချုပ် အနုတင်/ Bangkok Post
👍23❤4😁3🤔2
September 5, 2026 2.3K 1