တရုတ် Hacker တွေ အမေရိကန် အစိုးရဌာနတွေကို တိုက်ခိုက်လို့ ဆို
ဧရာဝတီ၊ သြဂုတ် ၂၉၊ ၂၀၂၆
အမေရိကန်က သူတို့ရဲ့ အရေးပါတဲ့ အစိုးရ ဌာနတွေအပေါ် တရုတ် ဟက်ကာ (Hacker) တွေရဲ့ ချိုးဖောက် ဝင်ရောက် တိုက်ခိုက်မှုတွေကို တားဆီးခဲ့ရတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
တိုက်ခိုက်ခံရမှုမှာ တရားရေးဌာန၊ နာဆာ (NASA)၊ ဗဟိုဘဏ်၊ လွှတ်တော် နဲ့ တခြားသော အရေးပါတဲ့ ဌာနတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုမှာ ပါဝင်တယ်လို့ ဆိုတဲ့ Hacking ပလက်ဖောင်း ၂ ခုကို QScan နဲ့ QTRouter လို့ အမည်ပေးထားပြီး အသုံးပြုတဲ့ ဒိုမိန်းတွေကိုလည်း ထိန်းသိမ်းထားကြောင်း တရားရေးဌာန ထုတ်ပြန်ချက် တခုမှာ ဆိုထားပါတယ်။
တရုတ် အခြေစိုက် Nanjing Xinjiuwei Network နည်းပညာ ကုမ္ပဏီက ပလက်ဖောင်းတွေကို လည်ပတ်စေတယ် လို့လည်း အမေရိကန် တရားရေးဌာနက ပြောဆိုပါတယ်။
အဆိုပါ ကုမ္ပဏီရဲ့ ဖောက်သည်တွေထဲမှာ တရုတ် အရပ်ဘက် ထောက်လှမ်းရေး အေဂျင်စီ၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီး ဌာနဲ့ တရုတ် စစ်တပ်တို့ ပါဝင်တယ် လို့လည်း ဆိုပါတယ်။
အမေရိကန် စွမ်းအင် ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုဌာန၊ အမျိုးသား ကျန်းမာရေး အင်စတီကျုနဲ့ အမေရိကန် နဲ့ တောင်ကိုရီယားက အမည်မဖော်လိုတဲ့ ကုမ္ပဏီ ၄ ခုလည်း ဟက်ကာတွေရဲ့ တိုက်ခိုက်ခံရမှု စာရင်းမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဝါရှင်တန်မှာရှိတဲ့ တရုတ် သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ အမေရိကန် တရားရေးဌာနရဲ့ ထုတ်ပြန်ချက် အသေးစိတ်ကို မသိရှိသော်လည်း တရုတ် အစိုးရ အနေနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုပုံစံ အားလုံးကို ပြင်းထန်စွာ ဆန့်ကျင်ပြီး တရားဥပဒေနဲ့ အညီ ဖြေရှင်းကြောင်း အီးမေးလ်တစောင်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ ဆိုက်ဘာ လုံခြုံရေး ပြဿနာတွေကို တရုတ်အပေါ် အသရေဖျက်ဖို့ အသုံးပြုနေတယ်လို့လည်း ပြောရေးဆိုခွင့် ရှိသူက ဆိုပါတယ်။
အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေး ဆိုတဲ့ အယူအဆကို ပုံကြီးချဲ့ကာ တရုတ် ကုမ္ပဏီတွေ အပေါ် ကန့်သတ်မှုတွေ ချမှတ်ဖို့ အသုံးပြုနေတာကို တရုတ်နိုင်ငံ အနေနဲ့ဆန့်ကျင်ပြီး တရုတ် ကုမ္ပဏီတွေရဲ့ တရားဝင် အခွင့်အရေးနဲ့ အကျိုး စီးပွားကို ခိုင်မာစွာ ကာကွယ်သွားမယ် လို့လည်း သူက ပြောပါတယ်။
ဟက်ကာတွေဟာ ၂၀၁၈ ခုနှစ်လောက်ကတည်းက စပြီး အမေရိကန်နဲ့ ကမာ္ဘတဝန်းမှာရှိတဲ့ အရေးကြီး အခြေခံ အဆောက်အအုံ တွေနဲ့ အထိအခိုက်မခံတဲ့ ကွန်ရက်တွေကို အားနည်းသွားအောင် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့လည်း တရားရုံး ကျမ်းကျိန်လွှာ တစောင်မှာ ဖော်ပြထားပြီး တိုက်ခိုက်မှုအားလုံး အောင်မြင်ခဲ့တာတော့ မဟုတ်ဘူးလို့ သိရပါတယ်။
တရုတ်ရဲ့ ဆိုက်ဘာ လှုပ်ရှားမှုတွေကို စောင့်ကြည့်တဲ့ ကျွမ်းကျင်သူတွေ ကတော့ တရုတ် အစိုးရ အေဂျင်စီတွေကိုယ်စား ပုဂ္ဂလိက ကုမ္ပဏီတွေဟာ ထိုးဖောက် တိုက်ခိုက်မှုတွေ ပုံမှန် လုပ်ဆောင်လေ့ ရှိပြီး ဆယ်စုနှစ် အတွင်း အဲ့ဒီလို ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေ များလာခဲ့ကြောင်း ပြောဆိုထားပါတယ်။
Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/08/29/415871.html
Ref : Reuters

ဧရာဝတီ
တရုတ် Hacker တွေ အမေရိကန် အစိုးရဌာနတွေကို တိုက်ခိုက်လို့ ဆို
တိုက်ခိုက်ခံရမှုမှာ တရားရေးဌာန၊ နာဆာ (NASA)၊ ဗဟိုဘဏ်၊ လွှတ်တော် နဲ့ တခြားသော အရေးပါတဲ့ ဌာနတွေ ပါဝင်…
24
9
4
2August 29, 2026 3.3K 4