Magway Scout Network: post #6262 — TG.ME

ကျောက်ထုစစ်ကြောင်း လူနာထမ်း ၁၂ ထမ်းဖြင့် မြို့ထဲပြန်ဝင်၊ သေဆုံးစစ်သည်ရုပ်အလောင်း ၅ ခုကို ကြီးရွာအနောက်ဖက် ဘုရားကုန်းမှာမြေမြှပ်ထားခဲ့

စစ်အုပ်စုတပ်သားများအတွက် ဆောမြို့ကို လေယာဥ်ဖြင့် ရိက္ခာထုပ်များချပေးပြန်

စက်တင်ဘာ ၅၊ ၂၀၂၆၊ ဆော

ယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်ကနေ ယနေ့နံနက်ပိုင်းက ထွက်ခွာလာခဲ့ကြသည့် အင်အား ၆၀ ပါစစ်ကြောင်းသည် မိအယ်ရွာမြောက်ဖက် ဒေသအခေါ် နှော်တံတား (ညောင်ကားယား) အထိသွားရောက်ခဲ့ကြပြီး နေ့လည်ပိုင်းမှာ လူနာထမ်း ၁၂ ထမ်းဖြင့် ပြန်ဆုတ်လာခဲ့ရာ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ ပန်းဆန်ရွာမှတဆင့် ယောချောင်းကိုဖြတ်ကူးကာ ကျောက်ထုမြို့ကို ပြန်ဝင်လာကြကြောင်း သိရသည်။

စစ်ကြောင်းသည် ကျောက်ထုမြို့နယ် ကြီးရွာတွင် တပ်စွဲနေထိုင်နေကြပြီး ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ကြီးစစ်ကြောင်းမှ ဒဏ်ရာရ စစ်သည်များကို နှော်တံတား (ညောင်ကားယား) အထိ သွားရောက်သယ်ယူရတာဖြစ်ကြောင်းသိရသည်။

"ကြီးက စစ်သားလူနာထမ်း ၈ ထမ်း ညောင်ကားယား အထိလာပို့တယ်၊ အဲတာကို သွားသယ်ရတာပါ၊ လူနာလာသယ်တဲ့ ကျောက်ထုစစ်ကြောင်း ညောင်ကားယားတောတိုက်ထဲကိုအဝင်မှာ မိုင်းမိလို့ သေတာ ဒဏ်ရာရတာတွေထပ်ဖြစ်တယ်၊ ကျောက်ထုဖက်ကိုပြန်လာတော့ ကြီးကပို့တဲ့ အထမ်းက ၈ ထမ်း၊ ညောင်ကားယားမှာ မိုင်းမိလို့ ဒဏ်ရာရတာက ၄ ထမ်း၊ အားလုံး အထမ်း ၁၂ ထမ်းဖြစ်သွားတယ် " ဟု ဒေသခံစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ကျောက်ထုစစ်ကြောင်းသည် ကြီးရွာဖက်မှ လာပို့သည့် စစ်သည်လူနာများကို မိအယ်ရွာနှင့် လယ်ဆောရွာကြားရှိ နှော်တံတား(ညောင်ကားယား)အထိ သွားရောက်သယ်ယူရာတွင် ဒေသခံပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကြီးရွာမှ ဒဏ်ရာရစစ်အုပ်စုတပ်သားလူနာများကို ထမ်းစင် ၈ ထမ်းဖြင့် လာပို့တာဖြစ်ပြီး နှော်တံတား (ညောင်ကားယား)တွင် မိုင်းထပ်မိတာကြောင့် ဒဏ်ရာရတပ်သားလူနာ ၄ ဦးကိုထမ်းစင် ၄ ခုဖြင့် ထပ်မံသယ်ဆောင်ခဲ့ကြရပြီး ယနေ့ညနေပိုင်းမှာ ကျောက်ထုမြို့ကို အထမ်း ၁၂ ထမ်းဖြင့်ပြန်လည်ဝင်ရောက်လာတာဖြစ်ကြောင်း သိရသည်။

ယမန့်နေ့ကဖြစ်ပွားခဲ့သည့် ကြီးရွာနှင့် ရွှေအောင်သာရွာကြားက တိုက်ပွဲမှ သေဆုံးခဲ့သည့် စစ်အုပ်စုတပ်သား ၅ ဦး၏ ရုပ်အလောင်းများကို ကြီးရွာအနောက်ဖက်ရှိ ဘုရားကုန်းတွင် ယမန်နေ့က မြေမြှပ်သင်္ဂြိုလ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကပြောသည်။

ထိုနောက် ယနေ့နေ့လည် ၂ နာရီ ၅ မိနစ်ခန့်ကနေ ၃ နာရီ ၂ မိနစ်အထိ ၁၅ ကြိမ်မက ဆောမြို့ပေါ်ကို ပတ်ပျံဝဲခဲ့သည့် မိတ္ထီလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် စစ်အုပ်စုတပ်ဖွဲ့ဝင်များအတွက် ရိက္ခာထုပ် ၇၀ ခန့်ကိုလေထီးများဖြင့် ချပေးခဲ့ကြောင်းသိရသည်။

လက်ရှိတွင်စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ဆောမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေပြီး မြို့တောင်ဖက် လောင်းရှည်လမ်းပိုင်းရှိ သီးကုန်းရွာအထိ စိုးမိုးနေရာယူထားတာလည်းဖြစ်သည်။ယနေ့ နံနက်ပိုင်းတွင် သီးကုန်းရွာတွင် တပ်စွဲနေထိုင်နေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ အရှေ့ဖက် စိုက်ခင်း (ကြံခင်း) ရွာကိုရောက်ရှိလာကြပြီး ရွာအတွင်းပြည်သူ့လူနေအိမ်များမှာ စားနပ်ရိက္ခာများနှင့် အခြားပစ္စည်းများကို ဖောက်ထွင်းဝင်ရောက်လိုးယူသွားကြကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep 5  , 6:23PM
သတင်းပို့ရန်@MagwayScoutBot