ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် အလုပ်သမားသံတမန်အဖွဲ့… — Hlaing Info — TG.ME

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် အလုပ်သမားသံတမန်အဖွဲ့ ဖွဲ့စည်းပေးရန် NUG ကို AAC မဟာမိတ်အဖွဲ့ တောင်းဆို

စက်တင်ဘာလ ၆ ရက်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့နေရသည့် အလုပ်လုပ်ခွင့်နှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဆောင်ရွက်ပေးရန် AAC မဟာမိတ်အဖွဲ့မှ ဦးခိုင်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အိတ်ဖွင့်စာ ပေးပို့တောင်းထားသည်။

ဦးခိုင်ကြီး၏ တောင်းဆိုချက်တွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် လုပ်ငန်းစဉ်များ ဖန်တီးပေးရန် ပါဝင်ပြီး အဓိကအားဖြင့် အချက် (၃) ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် တောင်းဆိုထားသည်။

ထိုအချက်များမှာ ထိုင်းနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်၍ လွယ်ကူစွာ လျှောက်ထားနိုင်သည့် Easy to Move မိုဘိုင်းစနစ်တစ်ခု ဖန်တီးပေးရန်၊ NUG က အသိအမှတ်ပြုထားသည့် ပညာရှင်များ၊ ထိုင်းနိုင်ငံအတွင်းရှိ ဒေသခံမဟာမိတ်အဖွဲ့များ၊ NGO များ၊ CSO များ ပါဝင်သော အလုပ်သမားရေးရာ သံတမန်အဖွဲ့ (Labor Diplomacy Taskforce) ကို တရားဝင်ဖွဲ့စည်းပေးရန်နှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးနိုင်မည့် ပုဂ္ဂိုလ်များကို ဆက်သွယ်ပေးပြီး အလုပ်သမားရေးရာနှင့် သံတမန်ရေးရာ နားလည်မှုစာချွန်လွှာ (MoU) များ ဆွေးနွေးနိုင်ရန် ကူညီပေးရန်တို့ ဖြစ်သည်။

အဆိုပါ သံတမန်အဖွဲ့ကို ဖွဲ့စည်းရာတွင် အစိုးရအဖွဲ့အစည်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ခြင်းမရှိဘဲ ပြည်သူများ၏ အကျိုးစီးပွား၊ လူမှုရေး၊ လူ့အခွင့်အရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် အဖွဲ့အဖြစ် ဖွဲ့စည်းရန်လည်း တင်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ PV နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှုကို ကန့်သတ်ခြင်း၊ သက်တမ်းမတိုးပေးခြင်းတို့ကြောင့် အလုပ်သမားများ အခက်အခဲဖြစ်နေရကြောင်း ဦးခိုင်ကြီးက ထောက်ပြထားသည်။

အဆိုပါ တောင်းဆိုချက်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်နိုင်ပါက မြန်မာအလုပ်သမားများ၏ နိုင်ငံသားအထောက်အထားနှင့် ခရီးသွားအထောက်အထားဆိုင်ရာ ပြဿနာများကို စနစ်တကျ ဖြေရှင်းနိုင်မည့်အပြင် အိမ်ရှင်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွန်ပေးဆောင်နိုင်သည့် စနစ်တစ်ခုပါ ပေါ်ပေါက်လာပြီး အလုပ်သမားများ၏ အခွင့်အရေးနှင့် လုံခြုံရေးကို ပိုမိုကာကွယ်ပေးနိုင်မည်ဟု တင်ပြထားသည်။

#MPA
#HlaingInfo
👍61❤16🔥3😁3
September 6, 2026 2.5K 2