မဲဆောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအား ဝင်ရောက်စစ်ဆေးပြီး… — Hlaing Info — TG.ME

မဲဆောက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအား ဝင်ရောက်စစ်ဆေးပြီး တရားမဝင် အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ

စက်တင်ဘာလ ၆ ရက်

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် တာခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန စုံစမ်းစစ်ဆေးရေးနှင့် နှိမ်နင်းရေးတပ်ဖွဲ့သည် ဘူမဟာဌာန ၅ နှင့် ခရိုင်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဝင်ရောက်စစ်ဆေးခဲ့ရာ စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် တရားမဝင် ဝင်ရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မဲဆောက်မြို့နယ်၊ ဖြားသတ်ဖဒဲင်ကျေးရွာအုပ်စု၊ အကွက် (၁)၊ ခမ်းဖိဘန်ကျေးရွာရှိ ရင်းလဒါ အိမ်ရာစီမံကိန်း ရေကူးကန် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်နှင့် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား ၂ ဦးကို ပထမအကြိမ် ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ယင်းနေ့ နံနက်ပိုင်း၌ပင် အဆိုပါ ဖြားသတ်ဖဒဲင်ကျေးရွာအုပ်စု၊ အကွက် (၁) အတွင်းရှိ အမည်မသိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဆက်လက်စစ်ဆေးခဲ့ရာ တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၂ ဦးလုံးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု နှင့် အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ အလုပ်လုပ်ကိုင်မှု (သို့မဟုတ်) ခွင့်ပြုထားသည့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု ပုဒ်မများဖြင့် စွဲချက်တင်ထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို ၂၀၂၂ ခုနှစ် ညှဉ်းပန်းနှိပ်စက်မှုနှင့် ပျောက်ကွယ်သွားစေမှု ကာကွယ်တားဆီးရေး ဥပဒေ ပုဒ်မ ၂၂ နှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူနိုင်ရေးအတွက် မဲဆောက်မြို့မ ရဲစခန်း၏ စုံစမ်းစစ်ဆေးရေး အရာရှိထံ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

#KTM
#HlaingInfo
😢49🔥4❤1🤬1
September 6, 2026 2.8K 2