ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ တရားမဝင်ပို့ဆောင်မည့် ဘိလပ်မြေအိတ် ၆၀၀ နီးပါးနှင့်အတူ မှောင်ခိုသမား၁၂ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီး
စက်တင်ဘာလ ၆ ရက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမဝင်မှောင်ခိုပို့ဆောင်ရန် ကြိုးပမ်းခဲ့သည့် ဘိလပ်မြေအိတ် ၅၉၅ အိတ်နှင့်အတူ မှောင်ခိုပို့ဆောင်ရာတွင် ပါဝင်ပတ်သက်သူ မှောင်ခိုကုန်သည် ၁၂ ဦးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုအာခါလီခရိုင် ဟာတီယာဒေသရှိ ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းပေးချက်အရ မက်ဂ်နာမြစ်အတွင်း တရားမဝင်မှောင်ခိုကုန်သွယ်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်သည်။
စစ်ဆင်ရေးအတွင်း ဟာတီယာမြို့နယ်ရှိ မက်ဂ်နာမြစ်အတွင်း သံသယဖြစ်ဖွယ် လှေ ၂ စီးကို ရှာဖွေစစ်ဆေးခဲ့ရာ အကောက်ခွန်မဆောင်ဘဲ မြန်မာနိုင်ငံဘက်သို့ တရားမဝင်ပို့ဆောင်ရန် သယ်ဆောင်လာသည့် ဘိလပ်မြေ ၂၉,၇၅၀ ကီလိုဂရမ်၊ အိတ်ရေ ၅၉၅ အိတ်ကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသည့် ဘိလပ်မြေများ၏ တန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၂ ဒသမ ၉၇ သိန်းခန့်ရှိကြောင်း သိရသည်။
ထို့ပြင် ဘိလပ်မြေများကို မြန်မာနိုင်ငံသို့ တရားမဝင်ပို့ဆောင်ရာတွင် အသုံးပြုခဲ့သည့် လှေ ၂ စီးကိုလည်း သိမ်းဆည်းခဲ့ပြီး လှေပေါ်တွင် လိုက်ပါလာသူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဘိလပ်မြေများ၊ လှေများနှင့် သံသယရှိသူ ၁၂ ဦးကို သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန် စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ပင်လယ်ရေကြောင်းနှင့် မြစ်ကြောင်းများတွင် တရားမဝင်ကုန်သွယ်မှု၊ နယ်စပ်ဖြတ်ကျော်မှောင်ခိုလုပ်ငန်းများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် စောင့်ကြည့်ရေးနှင့် စစ်ဆင်ရေးများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#KTM
#HlaingInfo

27
17
4
4
1
1September 6, 2026 2.5K 1 3