လွိုင်ကော်ရှိ လွယ်ထွက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး၊ အထိနာသော စစ်တပ်က ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး
စက်တင်ဘာလ ၅ ရက်
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထွက်ကျေးရွာအရှေ့ဘက်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့က လွိုင်ကော်မြို့နယ်၊ လွယ်ထွက်ကျေးရွာအရှေ့ဘက်ရှိ ခမရ ၅၃၀ တပ်ရင်း၏ တပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ရာစစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် တပ်စခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရန် စက်တင်ဘာလ ၃ ရက်နေ့တွင် ထွက်လာသည့် စစ်ကားတစ်စီး လည်း အပူလွန်ကဲရာ ကားမီးလောင်ပေါက်ကွဲခဲ့ပြီး စစ်သားအများအပြား ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“တပ်စခန်းသိမ်းပိုက်မိတာက မှန်ပါတယ်။ လွိုင်လင်လေးအခြေစိုက်ခမရ ၅၃၀ တပ်ရင်းရဲ့ စခန်းပါ။ အဲဒီစခန်းသိမ်းပိုက်ခံရပြီးတော့ ဒရုန်းနဲ့ ဗုံးကျဲဖို့ ထွက်လာတဲ့ စစ်ကားလည်း အပူလွန်ကဲပြီးမီးလောင် ပေါက်ကွဲတယ်။ အဲဒီမှာတော့ ဘယ်နှစ်ယောက်သေတယ်အတိအကျ မသိရဘူး။ သေတာ ကတော့ မှန်တယ်။” ဟု ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
လွိုင်ကော်မြို့နယ် တိုက်ပွဲများအတွင်း အထိနာနေသော စစ်ကောင်စီတပ်က ယနေ့ စက်တင်ဘာလ ၅ ရက် နံနက် ၁၁ နာရီခန့်က လွိုင်ကော် - ရှားတောလမ်းဘေးရှိ ပြည်သူများနေထိုင်ရာ နောင်ပုလု ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့စစ်တပ်စစ်ကြောင်းများ၊ စခန်းများ တိုက်ခိုက်ခံရပြီးအထိနာပါက အရပ် သားပြည်သူများနေထိုင်ရာ ကျေးရွာများ၊ ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ စစ် ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်လေ့ရှိသောကြောင့် မိဘ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွင့်ပြီး အထူးဂရုစိုက်နေထိုင်ပေးကြပါရန် တော်လှန် ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
#KTM
#HlaingInfo

35
7
2
1
1September 5, 2026 2.2K 4