သင်္ဘောသား ပတ်စ်ပို့ PS ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွင့် စက်တင်ဘာလ ၁၅ ရက်မှ စတင်ပိတ်ပင်မည်ဟု DMA ကြေညာ
စက်တင်ဘာလ ၄ ရက်
မြန်မာနိုင်ငံမှ သင်္ဘောသားများ ကိုင်ဆောင်သည့် သင်္ဘောသားမြန်မာနိုင်ငံကူးလက်မှတ် (Passport for Seaman - PS) ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ခရီး ထွက်ခွာခွင့်ကို လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ခွင့်ပြုတော့မည်မဟုတ်ကြောင်း စစ်တပ်လက်အောက်ခံ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA) က ထုတ်ပြန်ကြေညာသည်။
DMA ၏ သင်္ဘောသားဌာနခွဲက အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများသည် PS ပတ်စ်ပို့ဖြင့် အလည်အပတ်ထွက်ခွာပြီး ပြည်ပတွင် တရားမဝင်အလုပ်လုပ်ကိုင်ခြင်းနှင့် အခြားပြဿနာများ ဖြစ်ပွားနေသည်ဟုဆိုကာ ယင်းကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
DMA ၏ ထုတ်ပြန်ချက်တွင် ပြည်ပကုမ္ပဏီများနှင့် တိုက်ရိုက်အလုပ်စာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ဌာန၏ တရားဝင် SRPS လိုင်စင်မရှိသည့် ကုမ္ပဏီများ၊ ကြားခံလူပုဂ္ဂိုလ်များနှင့် ပွဲစားများမှတစ်ဆင့် သင်္ဘောသားများကို ပြည်ပသို့ တရားမဝင်စေလွှတ်မှုများကြောင့် ပြဿနာအမျိုးမျိုး ဖြစ်ပေါ်နေသည်ဟု ဖော်ပြထားသည်။
PS ပတ်စ်ပို့ဖြင့် အလည်အပတ်ထွက်ခွာသွားသူအချို့မှာ သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ ပင်လယ်ကွေ့ဒေသရှိ နိုင်ငံအချို့၏ အခြားလုပ်ငန်းခွင်များသို့ ရောက်ရှိသွားခြင်းများ ရှိနေကြောင်း DMA က ဆိုသည်။
ထို့ပြင် ဌာနမှ ခွင့်ပြုထားခြင်းမရှိသော ငါးဖမ်းသင်္ဘောများပေါ်သို့ စုဆောင်းခေါ်ယူစေလွှတ်ခံရခြင်း၊ ပြည်ပကုမ္ပဏီများနှင့် ခိုင်မာသည့် အလုပ်စာချုပ်များမရှိဘဲ ပွဲစားများမှတစ်ဆင့် သွားရောက်လုပ်ကိုင်ခြင်းကြောင့် ရသင့်ရထိုက်သည့် လစာနှင့် အကျိုးခံစားခွင့်များ မရရှိခြင်း၊ လစာဆုံးရှုံးခြင်းများ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်သည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရသဖြင့် ပြည်ပနိုင်ငံများတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ အာမခံမရှိသည့် သင်္ဘောများပေါ်တွင် အလုပ်လုပ်ကိုင်ရသဖြင့် ထိခိုက်ဒဏ်ရာရမှုနှင့် အသက်အာမခံဆိုင်ရာ လျော်ကြေးများ မရရှိခြင်းတို့လည်း ဖြစ်ပေါ်နေသည်ဟု DMA က ဆိုသည်။
ထို့အပြင် တရားဝင်စာချုပ်စာတမ်းများ ခိုင်မာမှုမရှိခြင်းကြောင့် သင်္ဘောသားများ၏ အကျိုးခံစားခွင့်များကို ထိရောက်စွာ ကာကွယ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသကဲ့သို့ ထွက်ခွာစဉ် စာရင်းတင်ထားသည့် သင်္ဘောနှင့် အမှန်တကယ်တာဝန်ထမ်းဆောင်သည့် သင်္ဘော မတူညီခြင်းကြောင့် ပင်လယ်ပြင်လုပ်သက် မရရှိခြင်းနှင့် သင်တန်းတက်ရောက်ခွင့်များ ဆုံးရှုံးခြင်းများလည်း ရှိနေကြောင်း သိရသည်။
DMA က တရားဝင် SRPS လိုင်စင် လျှောက်ထားရယူထားခြင်းမရှိဘဲ ရုံးခန်းဖွင့်လှစ်ကာ လူမှုကွန်ရက်များမှတစ်ဆင့် သင်္ဘောသားလူသစ်များ စုဆောင်းပြီး ပြည်ပသို့ စေလွှတ်နေသူများရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ယင်းအပြင် သင်္ဘောသားမှတ်တမ်းစာအုပ် SIRB (CDC) တွင် ရာထူးအဆင့်များကို လိမ်လည်ဖြည့်စွက်ခြင်း၊ ပင်လယ်ပြင်လုပ်သက်များကို လိမ်လည်ရယူခြင်းနှင့် သတ်မှတ်ထားသည့် ရာထူးအဆင့်အလိုက် လိုအပ်သော သင်တန်းများ ပြီးစီးခြင်းမရှိဘဲ သင်္ဘောများပေါ်သို့ စေလွှတ်ခြင်းများ ဖြစ်ပေါ်နေသည်ဟု DMA က အကြောင်းပြထားသည်။
ထို့ကြောင့် အမျိုးသားလူသစ်သင်္ဘောသားများနှင့် အမျိုးသမီးသင်္ဘောသားများအား PS ပတ်စ်ပို့ဖြင့် ပြည်ပနိုင်ငံများသို့ အလည်အပတ်ထွက်ခွာခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ခွင့်ပြုတော့မည်မဟုတ်ကြောင်း DMA က ကြေညာသည်။
ပြည်ပနိုင်ငံများသို့ အလည်အပတ် သွားရောက်လိုသည့် သင်္ဘောသားများအနေဖြင့် PS ပတ်စ်ပို့ကို ဆက်လက်အသုံးပြု၍ ထွက်ခွာခွင့်မရှိတော့ဘဲ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့တွင် PS အမျိုးအစားမှ PV (Passport for Visit) အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ပြီးမှသာ ပြည်ပသို့ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း DMA က အသိပေးထားသည်။
" PJ နဲ့ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပကို အလုပ်လုပ်ခွင့်ပိတ်ပင်ထားတယ်။ PV နဲ့ကလည်း လေဆိပ်မှာ အရမ်းရစ်တော့ လွယ်ကူတဲ့ PS ပတ်စ်ပို့နဲ့ ထွက်နေကြတာ အရမ်းများတယ်။ စစ်မှုထမ်းရှောင်ဖို့လည်း PS ပတ်စ်ပို့နဲ့ ထွက်ကြတာများတယ်။ PS ပတ်စ်ပို့က လေဆိပ်မှာ အစစ်အဆေး အရမ်းကြီးမများဘူး။ အဲဒါကို သူတို့တွေ့သွားပြီးတော့ ဂယ်ပေါက် ထပ်ပိတ်တာ။ PS ပတ်စ်ပို့ကနေ PV ပြောင်းတာကလည်း သိပ်တော့မလွယ်ဘူး။ ပတ်စ်ပို့ပြောင်းလို့ရရင်တောင် ပြည်ပထွက်ဖို့က လေဆိပ်မှာ အရမ်းကို ဖြတ်ရတာခက်နေတာ" ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယခုကြေညာချက်သည် စစ်တပ်လက်အောက်ခံ အာဏာပိုင်များက နိုင်ငံကူးလက်မှတ်အမျိုးအစားများအပေါ် ထွက်ခွာခွင့်ကန့်သတ်မှုများ တိုးမြှင့်နေချိန်တွင် ထပ်မံထုတ်ပြန်လာခြင်းဖြစ်ပြီး၊ သင်္ဘောသား PS ပတ်စ်ပို့ကိုင်ဆောင်ထားသူများအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့နောက်ပိုင်း အလည်အပတ်ခရီးအတွက် ပြည်ပထွက်ခွာလိုပါက PV ပတ်စ်ပို့သို့ ပြောင်းလဲလျှောက်ထားရမည့် အခြေအနေ ဖြစ်လာသည်။
#KTM
#HlaingInfo

13
2
1
1September 4, 2026 816 3