ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဝင်းလှိုင်တင့်က စစ်မှုထမ်းအတွက်… — Hlaing Info — TG.ME

ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဝင်းလှိုင်တင့်က စစ်မှုထမ်းအတွက် လူငယ်များအပြင် သက်ကြီးပိုင်း အမျိုးသားများကိုပါ ဖမ်းဆီးပြီး သန္ဓေစစ်သားများအဖြစ် အရောင်းအဝယ်လုပ်

▪️စစ်တပ်၊ ပျူစောထီး၊ ရဲနှင့် ကြံ့ဖွတ်များက နေအိမ်အပေါ်ထိ ပေါ်တာဆွဲ ဖမ်းဆီးမှုများလုပ်ဆောင်

စက်တင်ဘာလ ၄ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဝင်းလှိုင်တင့် ဦးဆောင်သည့်အဖွဲ့က စစ်မှုထမ်းအရွယ် လူငယ်များသာမက သက်ကြီးပိုင်းအမျိုးသားများကိုပါ ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်တပ်အတွင်း စစ်မှုထမ်းရန် ငွေကြေးဖြင့် အရောင်းအဝယ်ပြုလုပ် ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဝင်းလှိုင်တင့်က စစ်တပ်၊ရဲ၊ ထွေ/အုပ်၊ ပျူစောထီးနှင့် ကြံ့ဖွတ်ပါတီဝင်များက စုပေါင်းအဖွဲ့များ ဖွဲ့စည်းြိပး လူငယ်များကိုသာမက သက်ကြီးပိုင်း အမျိုး သားများကိုပါ ပေါ်တာဆွဲဖမ်းဆီးကြောင်း၊ ဖမ်းဆီးရရှိသူများအနက် ငွေကြေးတတ်နိုင်သူများကို ငွေဖြင့် ပြန်ရွေးခိုင်းပြီး လူငယ်များကို စစ်မှုထမ်းအဖြစ်လည်းကောင်း၊ အသက် ၃၅ နှစ်အထက် အမျိုး သားများကို သန္ဓေစစ်သားများအဖြစ်လည်းကောင်း ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူကာ ခွဲဝေစားသောက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

"အမျိုးသားဆိုရင် လူငယ်၊ လူကြီးမရွေးတော့ဘူး အကုန်ဆွဲနေတာ။ အသက် ၁၈ ကနေ အသက် ၃၅ ဆိုရင် စစ်မှုထမ်းပို့တယ်။ အသက် ၃၅ နှစ်ကျော်ရင်တော့ သက်ကြီးပိုင်းတွေကို သန္ဓေစစ်သားအဖြစ် ရောင်းစားတယ်။ ဘယ်သူမှကို အလွတ်မပေးတော့တာ။ ငွေကြေးတတ်နိုင်ရင်တော့ တစ်ဦးကို အနည်းဆုံး သိန်း ၈၀ ကနေ စရွေးခိုင်းတယ်။ ညောင်ဦးကတော့ ပေါ်တာဆွဲ ဖမ်းဆီးတဲ့နေရာမှာ အဆိုးဆုံးပဲ။ ဝင်းလှိုင်တင့်နဲ့ စစ်တပ်က G1 တွေက စစ်မှုထမ်းအရောင်းအဝယ်ကို အဓိက လုပ်နေကြတာ" ဟု ညောင်ဦးဒေသမှ သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် ညောင်ဦးမြို့ခံ နိုင်ဝင်းဆိုသူက ဝင်းလှိုင်တင့်၏ လက်ပါးစေအဖြစ် လုပ်ကိုင်နေပြီး ရပ်ကွက်အတွင်းမှ လူဆိုး၊ လူရမ်းကားများကို စုစည်းကာ လူငယ်များကို လိုက်လံဖမ်းဆီး၍ စစ်မှုထမ်းအဖြစ် အရောင်းအဝယ်လုပ်ကြကြောင်း သိရှိရသည်။

ဝင်းလှိုင်တင့်နှင့် နိုင်ဝင်းတို့အဖွဲ့က ညောင်ဦးမြို့နယ်အတွင်းမှ လူငယ်များကိုသာမက မန္တလေးနှင့် ပြင်ဦးလွင်မြို့များအထိ သွားရောက်ကာ လူငယ်များကို ငွေကြေးဖြင့် ဝယ်ယူခေါ်ဆောင်ပြီး ညောင်ဦးမြို့နယ်၏ စစ်မှုထမ်းလူဦးရေစာရင်းအတွက် အစားထိုးပို့ဆောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ဝင်းလှိုင်တင့်၏ လူယုံ နိုင်ဝင်းသည် ရပ်ကွက်အတွင်းမှ လူဆိုးလူရမ်းကားများကို အသုံးချ၍ လူငယ်များအား အတင်းအကျပ် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည့်အပြင် ဖမ်းဆီးခံရသော လူငယ်များ ၏ မိဘနှင့် မိသားစုဝင်များထံသို့ ဆက်သွယ်ကာ ငွေညှစ်ခြင်းများ လုပ်ဆောင်ကြောင်း ၊ နိုင်ဝင်းက အုပ်ချုပ်ရေးမှူး ဝင်းလှိုင်တင့်အတွက် အဓိက ငွေရှာပေးနေသူဖြစ်ကြောင်း သိရှိရသည်။

ဒေသခံတစ်ဦးက “အခု ညောင်ဦးမှာ လူငယ်တွေတင်မဟုတ်တော့ဘူး။ အသက်ကြီးတဲ့ အမျိုးသားတွေကိုပါ လိုက်ဖမ်းတာတွေရှိနေတယ်။ စစ်တပ်၊ ပျူစောထီး၊ ရဲနဲ့ ကြံ့ဖွတ်အဖွဲ့တွေ ပူးပေါင်းပြီး နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတယ်” ဟု ပြောဆိုသည်။

ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်းအတွက် လူငယ်များကို လမ်းပေါ်နှင့် နေအိမ်များအထိ လိုက်လံဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီး၊ ဖမ်းဆီးခံရသူများအနက် ငွေကြေးပေးနိုင်သူများကို ပြန်လွှတ်ပေးကာ ငွေကြေးမတတ်နိုင်သူများကို စစ်တပ်အတွင်းသို့ ပို့ဆောင်မှုများရှိနေသဖြင့် ဒေသခံလူငယ်များနှင့် မိသားစုများမှာ စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၂၈ ကို စတင်ဖွင့်လှစ်နေပြီဖြစ်ပြီး ယခု စက်တင်ဘာလအတွင်း စစ်မှုထမ်းအပတ်စဥ် ၂၉ ကိုဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
🤬21😁2❤1👎1
September 4, 2026 1.3K 3