မလေးရှား ထိန်းသိမ်းရေး စခန်းတွေက ပြန်ခေါ်မယ့် မြန်မာ ၁,၅၀၀ နီးပါး… — Hlaing Info — TG.ME

မလေးရှား ထိန်းသိမ်းရေး စခန်းတွေက ပြန်ခေါ်မယ့် မြန်မာ ၁,၅၀၀ နီးပါး အဓမ္မ စစ်သား စုဆောင်းခံရမှာကို စိုးရိမ်နေ

စက်တင်ဘာလ ၄ ရက်

မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို စစ်အုပ်စုတပ်က စစ်တပ်ပိုင် သင်္ဘောတွေနဲ့ ပြန်လည် ခေါ်ယူမယ်လို့ သတင်း ထုတ်ပြန်ထားတာကြောင့် ပြန်လည် ခေါ်ဆောင်ခံရသူတွေထဲက စစ်မှုထမ်းသက် အကျုံးဝင်တဲ့ လူငယ်တွေဟာ အဓမ္မ စစ်သား စုဆောင်းခံရမှာကို စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ပြစ်ဒဏ် ကျခံပြီးနောက် ထိန်းသိမ်းရေး စခန်းတွေမှာ ထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံဆီ ပြန်ဖို့ အခက်အခဲ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား စိစစ်ပြီးသူ ၁,၄၇၆ ဦးကို စက်တင်ဘာလ ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ တပ်မတော်ပိုင် သင်္ဘောတွေနဲ့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်တယ်လို့ စစ်အုပ်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနကလည်း မြန်မာ ဒုက္ခသည် ၅,၀၀၀ ကို မိမိဆန္ဒအလျောက် ပြန်လည် ပို့ဆောင်ရေး အစီအစဉ်ရဲ့ ပထမအဆင့်အဖြစ် ၁,၄၇၆ ဦးကို ပြန်ပို့မယ်လို့ ဆိုထားပေမဲ့ အဆိုပါ ပြန်ပို့ခံရမယ့်သူတွေရဲ့ အသေးစိတ် စာရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ခုလို ထိန်းသိမ်းရေး စခန်းတွေက ပြန်လည် ပို့ဆောင်မယ့်သူတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပိုမို ပါဝင်နိုင်ကြောင်း မလေးရှားရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ပြည်ပရောက် မြန်မာတွေက မှတ်ချက်ပြု ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

စစ်အုပ်စုဟာ ပြည်တွင်း စစ်ပွဲတွေအတွင်း တပ်အင်အား လျော့နည်းလာမှုကြောင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့ တပ်သားသစ်တွေ ဆက်တိုက် စုဆောင်းနေပြီး အိမ်နီးချင်း နိုင်ငံတွေက ပြန်လည် ပို့ဆောင်ခံရသူ လူငယ်တွေကို တိုက်ရိုက် ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။

"စစ်တပ်က သူတို့အင်အား လိုလာပြီဆိုတော့ တခြားနိုင်ငံက မြန်မာနိုင်ငံသား ဘယ်သူမဆို သူတို့က ပြန်ခေါ်ချင်မှာပဲ။ အခုထိုင်းမှာဆိုရင်လည်း ထိုင်းနိုင်ငံထဲမှာ ပြစ်ဒဏ်ရှိမယ်ဆိုရင် ကိုယ့်မိခင်နိုင်ငံကို ပြန်ပို့မှာ။ ခုလိုတွေ ပြန်ပို့ရင် စစ်တပ်ဘက်က ပျော်မှာပဲ" လို့ ပြည်ပရောက် မြန်မာနိုင်ငံသား တစ်ဦးက CJ Platform ကို ပြောပြတာပါ။

စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း ထိုင်း အာဏာပိုင်တွေက မြန်မာနိုင်ငံသား ၃,၅၀၀ ထက်မနည်းကို စစ်အုပ်စုဆီ လွှဲပြောင်းပေးခဲ့ပြီး အများအပြားမှာ စစ်မှုထမ်းဖို့ ဖမ်းဆီး ခေါ်ဆောင်ခံခဲ့ရကြောင်း အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က မေလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ အဓမ္မ စစ်သား စုဆောင်းခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုဆီ အတင်းအကျပ် ပြန်လည် မလွှဲပြောင်းပေးဖို့ကိုလည်း လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်း တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Pro-SAC
#CJP
#HlaingInfo
😢35👍6❤4🔥4👏1🤔1
September 4, 2026 2K 2 5