ဝက်လက်၊ ထားဝယ်၊ စလင်းနှင့် စကုမြို့နယ်တို့တွင် စစ်တပ်က ဒရုန်းနှင့်… — Hlaing Info — TG.ME

ဝက်လက်၊ ထားဝယ်၊ စလင်းနှင့် စကုမြို့နယ်တို့တွင် စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

စက်တင်ဘာလ ၄ ရက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်နှင့် မကွေးတိုင်း စလင်း၊ စကုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် KNU ဗဟို၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၃ ရက်နေ့ နံနက် ၆ နာရီ ၄၉ မိနစ်ခန့်တွင် ရွှေဘိုမြို့အခြေစိုက် လေ့ကျင့်ရေး ၈ တပ်စခန်းမှ လွှတ်တင်လိုက်သည့် အသေခံဒရုန်း ၁ စီးသည် ဝက်လက်မြို့နယ်၊ ကန်ပေါက်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဒရုန်း ပေါက်ကွဲမှုကြောင့် ကန်ပေါက်ကျေးရွာအနီးရှိ အသက် ၃၀ ကျော်အရွယ် ကိုဖြိုးဆိုသူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ အသေခံဒရုန်းနဲ့ တိုက်ခိုက်သွားတာ ကန်ပေါက်ရွာနားမှာ ပေါက်ကွဲသွားတာ အသက် ၃၀ ကျော်အရွယ် ကိုဖြိုးဆိုတဲ့ အမျိုးသား ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းသို့လည်း အကြမ်းဖက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရာဖူးကျေးရွာအနီး၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ-၄၀၈၊ ခလရ-၂၈၂ နှင့် အမတ-၃၀၈ ပူးပေါင်းတပ်ဖွဲ့များက ရာဖူးကျေးရွာအတွင်းသို့ ၆၀ မမ လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရာဖူးကျေးရွာနေ အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

KNU ဗဟို၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်သည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဆက်လက်ကျူးလွန်နေကြောင်း ဝေဖန်ရှုတ်ချထားသည်။

တစ်ဖက်တွင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စရင်ဦးကျေးရွာကိုလည်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်တွင် ဆင်ကျုံးကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင်များက စလင်းမြို့နယ်၊ စရင်ဦးကျေးရွာဘက်သို့ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ကြီး ၃ လုံးအနက် ၁ လုံးသာ ကျေးရွာအနီးတွင် ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးမှာ အနီးအနားရှိ ရေအိုင်အတွင်းသို့ ကျရောက်ခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် စရင်ဦးကျေးရွာနေ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး စရင်ဦးကျေးရွာနေ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်အရွယ်ကိုတော့ မသိရသေးပါဘူး။ နေအိမ်ပျက်စီးတာမျိုးတော့ မရှိပါဘူး” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ မကွေးတိုင်း၊ စကုမြို့နယ်ရှိ ရေပုတ်ကလေးကျေးရွာဘက်သို့လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် ကျောင်းကုန်းကြီးနှင့် အောင်ချမ်းသာကျေးရွာတို့၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက စကုမြို့နယ်၊ ရေပုတ်ကလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခြင်းမရှိခဲ့ကြောင်း သိရသည်။

“စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနဲ့ နေအိမ်တွေ ပျက်စီးတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#KTM
#HlaingInfo
🤬48❤8👏2😁1
September 4, 2026 2.6K 3