ပုစွန်တောင်တွင် ပေါ်တာဆွဲသဖြင့် အော်ဟစ်အကူအညီတောင်းသည့် လူငယ်ကို ရိုက်နှက်ပြီး ကားပေါ်ဆွဲတင်
စက်တင်ဘာလ ၄ ရက်
ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်အတွင်း လမ်းမပေါ်သွားလာနေစဉ် ပေါ်တာဆွဲသဖြင့် အော်ဟစ် အကူအညီတောင်းသည့်လူငယ်ကို ရိုက်နှက်ကာ ကားပေါ်ဆွဲတင်သွားကြောင်း သိရသည်။
စက်တင်ဘာ၃ရက်၊ညနေ၆နာရီခွဲခန့်တွင် ပုစွန်တောင်မြို့နယ်၊၅၇လမ်း၊ Hotel 57 အနီး၌ လူငယ် အမျိုးသား၂ဦး သွားလာနေစဉ် အရပ်ကားအဖြူရောင် ၁စီးဖြင့် အရပ်ဝတ်၄ဦး ရောက်လာပြီး လက် ထိပ်ခတ်၍ ကားပေါ်ဆွဲတင်ကာ မဟာဗန္ဓုလလမ်းဘက်သို့ မောင်းထွက်သွားကြောင်း ရန်ကုန် ကိုစောင့်ကြည့်နေသည့် Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။
“ဒီနေ့အထိ စစ်မှုထမ်းသင်တန်း မဖွင့်သေးဘူးဆိုတော့ လူတော်တော်လိုနေတဲ့သဘောပဲ။ အဲဒါ ကြောင့် ရန်ကုန်မှာလည်း အကုန်ပတ်ဖမ်းနေတာ။ သင်တန်းမဖွင့်မချင်း အဖမ်းအဆီးစိပ်နေမယ်။ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ကြပါ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။
စစ်မှုထမ်းသင်တန်းများကို လတစ်လ၏ တတိယပတ်နှင့် စတုတ္ထပတ် အစတို့တွင် ဖွင့်လှစ်လေ့ရှိ သော်လည်း အပတ်စဉ် ၂၇ကို ဩဂုတ်၃ရက်မှသာ ဖွင့်လှစ်နိုင်ခဲ့ပြီး အပတ်စဉ်၂၈ကို ယနေ့(စက်တင် ဘာ၄ရက်)အထိ မဖွင့်နိုင်သေးပေ။
ပုစွန်တောင်တွင် ဖမ်းဆီးခံရသူများမှာ အသက်၂၀နှင့် ၂၅နှစ်ဝန်းကျင်များဖြစ်ပြီး အသက်၂၀ လူငယ် က အော်ဟစ် အကူအညီတောင်းသဖြင့် နားရင်းရိုက်၍ ကားပေါ်ဆွဲတင်သွားကြောင်း နောက်လူငယ် တစ်ဦးနှင့်အတူ ပါလာသည့် ထီးအပြာတစ်ချောင်း ပြုတ်ကျကျန်ခဲ့ကြောင်း RSN ကဆိုသည်။
စက်တင်ဘာ၂ရက်ကလည်း လှိုင်သာယာ၌ ၁ ဦး၊ စမ်းချောင်း၌ ၂ ဦး၊ မြောက်ဒဂုံ၌ ၃ ဦးနှင့် မင်္ဂလာ တောင်ညွန်၌ ၂ ဦးတို့ကို စစ်အုပ်စုဝင်တို့က ပေါ်တာဆွဲသွားကြောင်း RSN က သတင်းထုတ် ပြန် ထားသည်။
#MPA
#HlaingInfo

63
9
7
2
1September 4, 2026 2.5K 16