စစ်တပ်လက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာရောင်းချမှု ယာယီရပ်နားထားပြီး သွင်းကုန်လိုင်စင်ကိုလည်း အလွန်တင်းကျပ်ထား၍ သွင်းကုန်ပစ္စည်းမှန်သမျှ ပြည်တွင်းတွင် ပြတ်လပ်နေ
စက်တင်ဘာလ ၄ ရက်
စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ထုတ်ရောင်းချပေးမှုများကို လက်ရှိတွင် ယာယီရပ်နားထားပြီး သွင်းကုန်လိုင်စင် ချထားပေးမှုများကိုလည်း အလွန်တင်းကျပ်ထားသဖြင့် နိုင်ငံခြားမှ တင်သွင်းရသည့် ကုန်ပစ္စည်းအများအပြား ပြည်တွင်းဈေးကွက်တွင် ပြတ်လပ်လာနေကြောင်း UMFCCI သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိ ပြည်တွင်းနိုင်ငံခြားငွေဈေးကွက်အတွင်း လည်ပတ်နေသော အမေရိကန်ဒေါ်လာများမှာ ဗဟိုဘဏ်က အသစ်ထုတ်ရောင်းချပေးနေသည့် ဒေါ်လာများမဟုတ်ဘဲ ပို့ကုန်လုပ်ငန်းများမှ ရရှိသည့် နိုင်ငံခြားငွေများနှင့် အခြားဝင်ငွေလမ်းကြောင်းများမှ ဝင်ရောက်လာသည့် ဒေါ်လာများကို ပုဂ္ဂလိကဘဏ်များနှင့် ဖောက်သည်များအကြား အပြန်အလှန်ရောင်းဝယ်ကာ လည်ပတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်ဆိုင်ရာ ထုတ်ပြန်ချက်များတွင်လည်း Bank-Customer Dealing နှင့် Interbank Dealing တို့မှတစ်ဆင့် နေ့စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း၊ ပုဂ္ဂလိကဘဏ်များနှင့် ဖောက်သည်များအကြား၊ ဘဏ်အချင်း ချင်းအကြား ရှိရင်းစွဲ နိုင်ငံခြားငွေများ လွှဲပြောင်းရောင်းဝယ်နေကြကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၃ ရက်အထိ အရောင်းအဝယ်စာရင်းများအရ Bank-Customer Dealing နှင့် Interbank Dealing စာရင်းများအရ ဩဂုတ်လ ၃၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၈၃ သန်းကျော်၊ ဩဂုတ်လ ၂၈ ရက်တွင် ဒေါ်လာ ၇၆ ဒသမ ၂၈ သန်းကျော်၊ စက်တင်ဘာလ ၁ ရက်တွင် ဒေါ်လာ ၇၂ ဒသမ ၀၃ သန်းကျော်၊ စက်တင်ဘာလ ၂ ရက်တွင် ဒေါ်လာ ၅၆ ဒသမ ၂၄ သန်းခန့်နှင့် စက်တင်ဘာလ ၃ ရက်တွင် ဒေါ်လာ ၅၁ ဒသမ ၇၃ သန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။
“အခု ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတာ ယာယီရပ်ထားတယ်။ ဈေးကွက်ထဲမှာ လည်ပတ်နေတာက ပို့ကုန်ကရတဲ့ ဒေါ်လာတွေ၊ တခြားလမ်းကြောင်းက ဝင်လာတဲ့ ဒေါ်လာတွေကို ဘဏ်နဲ့ ဖောက်သည်တွေကြားမှာ ရောင်းဝယ်နေတာပဲ။ ဒေါ်လာလိုအပ်ချက် မများအောင်ဆိုပြီး သွင်းကုန်တွေကို အရမ်းကန့်သတ်ထားတယ်။ သွင်းကုန်လိုင်စင်ရဖို့ကလည်း အရမ်းခက်နေတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီက နိုင်ငံခြားငွေ သုံးစွဲမှု မရှိစေရေး နှင့် ဒေါ်လာလိုအပ်ချက် မြင့်တက်မလာစေရန် ရည်ရွယ်၍ သွင်းကုန်တင်သွင်းမှုများကို အလွန်တင်းကျပ်စွာ ကန့်သတ်ထားကြောင်း၊ သွင်းကုန်လိုင်စင်အသစ်များ ချထားပေးမှုမှာလည်း ယခင်ထက် ပိုမိုခက်ခဲလာကြောင်း သိရှိရသည်။
လက်ရှိတွင် စက်သုံးဆီနှင့် စားအုန်းဆီကဲ့သို့ အခြေခံလိုအပ်ချက်ရှိသည့် ကုန်ပစ္စည်းများအတွက်မှလွဲ၍ အခြားသွင်းကုန်လုပ်ငန်းများအတွက် ဗဟိုဘဏ်မှ ဒေါ်လာရရှိရန် အလွန်ခက်ခဲနေကြောင်းလည်း စီးပွား ရေးလုပ်ငန်းရှင်များက ပြောဆိုသည်။
သွင်းကုန်လိုင်စင်များကို အလွန်တင်းကျပ်ထားခြင်းကြောင့် တစ်ဖက်တွင် လိုင်စင်ရရှိထားသူများ၏ ပါမစ်များကို ပြန်လည်ရောင်းချသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာနေပြီး အချို့သွင်းကုန်လုပ်ငန်းများတွင် တင်သွင်းမည့်ကုန်ပစ္စည်း၏ တန်ဖိုးနှင့် နီးစပ်သည့်အထိ ပါမစ်ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရှိရသည်။
သွင်းကုန်လိုင်စင်မရရှိမှုနှင့် ဒေါ်လာငွေ လုံလောက် ချထားမပေးခြင်းတို့ကြောင့် စက်ရုံအလုပ်ရုံများ၊ ဆေး နှင့်ဆေးဝါးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသွင်းကုန်ပစ္စည်းများ ပြည်တွင်းတွင် အလွန်ပြတ်လပ်ရှိကြောင်း သိရှိရသည်။
အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍအတွက် လိုအပ်သည့် သံ၊ အလူမီနီယံ၊ မှန်၊ ဓာတ်လှေကားပစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် မီးကြိုးများအပါအဝင် နိုင်ငံခြားမှ တင်သွင်းရသည့် ပစ္စည်းများမှာ သွင်းကုန်လိုင်စင်ရရှိရန် ခက်ခဲခြင်းနှင့် နိုင်ငံခြားငွေရရှိရန် အခက်အခဲများကြောင့် ပြည်တွင်းဈေးကွက်တွင် လိုအပ်သလောက် ဝယ်ယူမရဘဲ ပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
ဆက်လက်ဖတ်ရှုပါရန် - ⤵️⤵️

39
15
4
3
1September 4, 2026 2.3K 1 6