ကြံ့ခိုင်ရေးပါတီ ညီလာခံ ကျင်းပရေး စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းမှသာ ဖြစ်နိုင်မည်၊
▪️ရွေးတုသမ္မတ မင်းအောင်လှိုင်၏ စွက်ဖက်မှုကြောင့် ပါတီတွင်း အခြေအနေ တင်းမာနေ
စက်တင်ဘာ ၃ ရက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပါတီညီလာခံကို နေပြည်တော်ရှိ ပါတီဌာနချုပ်၌ စက်တင်ဘာ ၁၀ ရက်နောက်ပိုင်းတွင် ကျင်းပရန် မူလက စီစဉ်ထားသော်လည်း ယခုအခါ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းမှသာ ကျင်းပနိုင်တော့မည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ယခုကဲ့သို့ ရက်ရွှေ့ဆိုင်းရခြင်းနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းရေး လုပ်ငန်း စဉ်များ မပြီးပြတ်သေးသောကြောင့် ဖြစ်သည်ဟု ပါတီဘက်က ထုတ်ပြန်ထားသည်။
"အခုလို ပြောင်းရွှေ့ရတာနဲ့ ပတ်သက်လို့ တရားဝင်စာတော့ မထွက်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် အခု လက်ရှိ အောက်ခြေမှာ လုပ်နေတဲ့ ရွေးချယ်ဖွဲ့စည်းရေးတွေက မပြီးသေးလို့ပါ။ သူတို့ပြီးလို့ အထက်ကို အစီရင်ခံစာ ရောက်မှပဲ ညီလာခံ ကျင်းပလို့ ရမှာဖြစ်တဲ့အတွက် အောက်ခြေအဖွဲ့တွေကို စောင့်နေရတာ ဖြစ်ပါတယ်" ဟု ပါတီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ USDP ပါတီ၏ စတုတ္ထအကြိမ် ပါတီညီလာခံကို လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အတွင်းက နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ယခု စက်တင်ဘာလတွင် ပဉ္စမအကြိမ် ညီလာခံအဖြစ် ပြန်လည် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ပါတီတွင်း သတင်းရင်းမြစ်များ၏ ပြောပြချက်အရ ယခုကဲ့သို့ စက်တင်ဘာ ၂၀ ရက် နောက်ပိုင်းအထိ ရက်ရွှေ့ဆိုင်းရခြင်း၏ အဓိက အကြောင်းအရင်းမှာ ရွေးတုသမ္မတ အသွင်းပြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပါတီတွင်း စိုးမိုးခြယ်လှယ်မှုများနှင့် ထိပ်ပိုင်း ရာထူးနေရာ ခွဲဝေမှုဆိုင်ရာ တင်းမာမှုများကြောင့် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာနှင့် ပြည်သူများ လက်ခံမရှိသည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ရွေးတုသမ္မတ ရာထူးရယူခဲ့သူ ဦးမင်းအောင်လှိုင်သည် အရပ်သားအစိုးရ ပုံစံဖန်တီး၍ အာဏာဆက်လက် ဆုပ်ကိုင် ထားနိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိသည်။
ထို့ကြောင့် ၎င်းအပါအဝင် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များကို USDP ပါတီအောက်၌ ဝင်ရောက်ယှဉ် ပြိုင်စေရန် စီစဉ်နေပြီး ပါတီ၏ အဓိက သြဇာရှိသည့် အာဏာပိုင် နေရာများကိုလည်း စိတ်ကြိုက် စီမံခန့်ခွဲရန် ကြိုးပမ်းလျက်ရှိသည်။
စစ်တပ်အရာရှိဟောင်းများက USDP ပါတီ၏ အထက်ပိုင်း ရာထူးများကို နေရာယူထားကြသော်လည်း လက် တွေ့တွင်မူ စစ်ခေါင်းဆောင်၏ အလိုကျ အစိုးရနှင့် လွှတ်တော်ဆိုင်ရာ အဓိက အုပ်ချုပ်ရေး မဏ္ဍိုင်များကို ၂၀၂၁ အာဏာသိမ်း စစ်တပ်အရာရှိများဖြင့်သာ စိုးမိုးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
လက်ရှိ ပါတီဥက္ကဋ္ဌ ဦးခင်ရီ အပါအဝင် ပါတီခေါင်းဆောင်ပိုင်းနှင့် စစ်ခေါင်းဆောင်၏ စွက်ဖက်မှုများ အကြား သြဇာလွန်ဆွဲမှုများ ဖြစ်ပေါ်နေကြောင်းလည်း ကြံ့ဖွံ့ပါတီနှင့် နီးစပ်သည့် အသိုင်းအဝန်းထံမှ သိရသည်။
လက်ရှိတွင် ပါတီ၏ ရှေ့ဆက်ရမည့် လမ်းစဉ်များနှင့် ထိပ်ပိုင်း ရာထူးနေရာ ခွဲဝေမှုများတွင် ရွေးတု သမ္မတက ပိုမိုစိုးမိုး ခြယ်လှယ်လာသည့်အတွက် ပါတီတွင်း အခက်အခဲများ ကြုံတွေ့နေရပြီး အဆိုပါ တင်းမာမှုများကြောင့်ပင် ပါတီညီလာခံ ကျင်းပရေး ပျက်ပြားမည့် အခြေအနေသို့ ဦးတည်နေကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊
#AYAT
#HlaingInfo

35
4
2
1September 3, 2026 1.5K 4 3