မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော်လည်း မြန်မာစကားမတတ်ဘဲ… — Hlaing Info — TG.ME

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော်လည်း မြန်မာစကားမတတ်ဘဲ တရုတ်စကားသာပြော ဆိုနိုင်သည့် တရုတ်အမျိုးသားထံမှ Starlink စက် ၂ လုံးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ၊ တာချီလိတ်သို့ သယ်ဆောင်ရန် ကြိုးပမ်းစဉ် ဖမ်းဆီးရရှိ

စက်တင်ဘာလ ၂ ရကါ

မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော်လည်း မြန်မာဘာသာစကား ပြောဆိုနိုင်ခြင်းမရှိဘဲ တရုတ်ဘာသာစကားသာ ပြောဆိုနိုင်သည့် တရုတ်တစ်ဦးထံမှ Starlink ဂြိုလ်တုအင်တာနက် လက်ခံစက် ၂ လုံးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းများအရ သိရှိရသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ရှိ မယ်ဆိုင် နယ်စပ်ဂိတ် အမှတ် ၁ ပိတ်ခါနီးအချိန်၌ ထိုင်းအကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ မယ်ဆိုင်ရဲတပ်ဖွဲ့၊ Task Force King Taksin နှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များက ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုအတွင်း အသက် ၃၁ နှစ်အရွယ် MR. WU WAN အမည်ရှိ အမျိုးသားတစ်ဦး၏ ခရီးဆောင်အိတ်အတွင်းမှ Starlink အမှတ်တံဆိပ် ဂြိုလ်တုမှတစ်ဆင့် မြန်နှုန်းမြင့်အင်တာနက် အသုံးပြုနိုင်သည့် လက်ခံစက် ၂ လုံးကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် Starlink စက် ၂ လုံးမှာ အသုံးပြုပြီးသားများဖြစ်ပြီး စုစုပေါင်းအလေးချိန် ၁၆ ကီလို ဂရမ်ခန့်ရှိကာ ထိုင်းငွေ ဘတ် ၂၀,၀၀၀ ကျော် တန်ဖိုးရှိကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။

MR. WU WAN သည် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်သော်လည်း မြန်မာဘာသာစကားနှင့် ထိုင်းဘာသာစကားတို့ကို ပြောဆိုဆက်သွယ်နိုင်ခြင်းမရှိဘဲ တရုတ်ဘာသာစကားသာ ပြောဆိုနိုင်သဖြင့် ထိုင်းအာဏာပိုင်များက စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းခဲ့ရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။

စစ်ဆေးမေးမြန်းရာတွင် Starlink စက်များမှာ ၎င်း၏ပစ္စည်းများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်သို့ လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီးနောက် ချင်းရိုင်ရှိ မယ်ဖာလွမ်လေဆိပ်သို့ ဆက်လက်ခရီးသွားလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် မယ်ဆိုင်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်ခြမ်းသို့ Starlink စက်များကို သယ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

MR. WU WAN က အဆိုပါ Starlink စက်များကို ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းရာတွင် အကောက် ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လိုအပ်ကြောင်း မသိရှိခဲ့ဟု ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ထိုင်းအာဏာပိုင်များက အဆိုပါ Starlink ဂြိုလ်တုအင်တာနက်လက်ခံစက် ၂ လုံးကို အကောက် ခွန်လုပ်ထုံးလုပ်နည်းများ မဖြတ်သန်းဘဲ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာခြင်းဖြစ်သည်ဟုဆိုကာ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး ၂၀၁၇ ခုနှစ် ထိုင်းအကောက်ခွန်ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် မယ်ဆိုင်ရဲစခန်းသို့ လွှဲပြောင်းပေးပို့ထားကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်သည်။

မယ်ဆိုင်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ဆက်သွယ်ထားသည့် အရေးပါသော နယ်စပ်ဖြတ်ကျော်ဂိတ်တစ်ခုဖြစ်သည်။

#KTM
#HlaingInfo
❤24😁14👍6🔥2
September 2, 2026 2K 4