မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) ၌ ကွန်ပျူတာ၊ စက်ချုပ်၊… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) ၌  ကွန်ပျူတာ၊ စက်ချုပ်၊ ဆံသနှင့် တံဆိပ်ရိုက် ၃ လသင်တန်းများ ဖွင့်လှစ်မည်

စက်တင်ဘာ ၃


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကွန်ပျူတာ၊ စက်ချုပ်၊ ဆံသနှင့် တံဆိပ်ရိုက် အမှတ်စဉ် (၂) ၃ လသင်တန်းများကို လာမည့် စက်တင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများသို့ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးအခမဲ့အပြင် စားသောက်နေထိုင်ရေး၊ သင်ထောက်ကူပစ္စည်းများနှင့် နယ်မှလာရောက်မည့် သူများအတွက် အသွားအပြန် ခရီးစရိတ်များကိုပါ နိုင်ငံတော်က ပံ့ပိုးပေးမည်ဖြစ်သည်။

သင်တန်းအမျိုးအစားအလိုက် ပညာအရည်အချင်း သတ်မှတ်ချက်များမှာ ကွန်ပျူတာသင်တန်းအတွက် အထက်တန်းအဆင့် (Office သုံးဆော့ဖ်ဝဲလ်များ၊ PageMaker နှင့် Photoshop တို့ သင်ကြားမည်)၊ စက်ချုပ်သင်တန်းအတွက် အလယ်တန်းအဆင့် (အခြေခံစက်နင်းခြင်း၊ Pattern ဆွဲနည်းနှင့် အင်္ကျီအမျိုးမျိုး ချုပ်နည်းတို့ သင်ကြားမည်)၊ ဆံသသင်တန်းအတွက် မူလတန်းအဆင့် (ကျား/မ ဆံပင်ညှပ်ခြင်း၊ ဆေးဆိုးခြင်း၊ ဖြောင့်/ကောက်ခြင်းနှင့် ပေါင်းတင်ခြင်းတို့ သင်ကြားမည်)၊တံဆိပ်ရိုက်သင်တန်းအတွက် မူလတန်းအဆင့် (ဒီဇိုင်းဘောင်ပြုလုပ်ခြင်း၊ အင်္ကျီနှင့် ဖန်ခွက် တံဆိပ်ရိုက်ခြင်းတို့ သင်ကြားမည်) တို့ ဖြစ်ကြသည်။

လျှောက်ထားလိုသူများသည် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူ၊ ဓာတ်ပုံ ၂ ပုံ၊ ရပ်ကွက်ထောက်ခံစာ၊ ဆေးမှတ်တမ်းနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ် (ပုံစံ-၁၂) [ရှိပါက] တို့နှင့်အတူ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်သည်။

အသေးစိတ်သိရှိလိုပါက မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ ဖုန်း ၀၆၇-၄၀၄၂၅၂ နှင့် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း ဖုန်း ၀၁-၉၆၆၁၇၁၂၊ ၀၉-၄၄၈၀၃၅၀၈၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

TruthZoneOnline
👍26❤5🥰1👏1👌1
September 3, 2026 1.1K 2 1