ဗန်းမော်မှ ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘော ၂ စီး တိုက်ခိုက်ခံရပြီး စင်းခန်းတံတားအနီး နစ်မြုပ်
ဧရာဝတီ၊ စက်တင်ဘာ ၉၊ ၂၀၂၆
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ ရွှေကူမြို့ဘက်သို့ ယနေ့ပြန်စုန်ဆင်းလာသည့် စစ်အုပ်စုသင်္ဘောလေးစီးအား စင်းခန်းတံတားအနီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ၂ စီးနစ်မြုပ်ခဲ့ကြောင်း ဗန်းမော်ရှေ့တန်းရဲဘော်တဦးက ဧရာဝတီသို့ ပြောသည်။
သင်္ဘော ၂ စီးမှာ စင်းခန်းတံတားအနီး နတ်ခုတ်ရွာနှင့် ဇင်းဘုံရွာအနီးတို့တွင် နစ်မြုပ်ခဲ့ပြီး ကျန် သင်္ဘော ၂ စီးမှာလည်း တိုက်ခိုက်ခံရမှုကြောင့် ဝဲမရွာအနီး အရေးပေါ်ကမ်းကပ်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
ဧရာဝတီထံပေးပို့လာသည့် ဗီဒီယိုမှတ်တမ်းတခုတွင် စစ်အုပ်စုသံခွံတွဲသင်္ဘောကြီးတစီးမှာ ဧရာဝတီမြစ်လယ်၌ မီးလောင် ပေါက်ကွဲပြီး နစ်မြုပ်သွားကာ လူအချို့နှင့်ပစ္စည်းအပိုင်းအစများ ရေထဲမျောနေသည်ကို တွေ့ရသည်။
ယနေ့တိုက်ခိုက်ခံရသည့် သင်္ဘောများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းမှ စစ်ကူနှင့်ရိက္ခာများတင်ဆောင်ကာ ဗန်းမော်မြို့သို့ထွက်ခွါလာသော စစ်သင်္ဘောအုပ်စုများထဲမှဖြစ်နိုင်ကြောင်းလည်း သိရသည်။
ဩဂုတ်လကုန်ပိုင်းတွင် မန္တလေးမှ ဗန်းမော်သို့ စစ်ကူအင်အားလာဖြည့်သည့် စစ်အုပ်စုသင်္ဘော ၁၅ စီးအနက် ရွှေကူနှင့်ဗန်းမော်ကြား ဧရာဝတီဒုတိယမြစ်ကျဉ်းအနီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သင်္ဘောတစီးအပါအဝင် ၃ စီးနစ်မြုပ်ကာ နှစ်စီးမှာ အရေးပေါ်ကမ်း ကပ်၍ လက်နက်ချအဖမ်းခံခဲ့သည်။
ကမ်းကပ်ခဲ့သည့် သင်္ဘောများပေါ်မှ စစ်သားနှင့်မိသားစုဝင်ဦးရေ ၁၉၀ ခန့် ဖမ်းမိခဲ့ကြောင်း KIA ဘက်က ထုတ်ပြောထားသည်။
ယနေ့နံနက် ၁၁ နာရီခန့်ကလည်း ကသာမြို့မှ ရွှေကူမြို့သို့ ရောက်ရှိလာသည့် စစ်အုပ်စုသင်္ဘော ၄ စီးမှာ ရွှေကူမြို့၊ အမှတ်(၁)ရပ်ကွက် ရွှေအံတော်ဘုရားဆိပ်ကမ်းတွင် ရပ်နားထားစဉ် ဒရုန်းနှင့်တိုက်ခိုက်ခံရပြီး သင်္ဘော ၂ စီးမီးလောင်ပျက်စီးခဲ့သည်။
ထိုသို့ ရွှေကူနှင့် ဗန်းမော်ဒေသအား စစ်ကူ၊ရိက္ခာများဖြည့်တင်းကာ မြေပြင်မှစစ်ကြောင်းများထိုးလာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ-CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
31
9
3September 9, 2026 2.7K 4