ရှေ့ဆက်လို့မရဘူးဆိုတာ ထင်ထင်ရှားရှား တုံ့ပြန်တယ်။ တရုတ်၊… — The Irrawaddy - Burmese — TG.ME

ရှေ့ဆက်လို့မရဘူးဆိုတာ ထင်ထင်ရှားရှား တုံ့ပြန်တယ်။

တရုတ်၊ ရုရှားအပါအဝင် အာဆီယံနိုင်ငံတွေရဲ့ တုံ့ပြန်မှုကို ကျမတို့ နားထောင်ရတာ ပြည်သူတွေရဲ့ ခံစားချက်နဲ့တွေးမယ် ဆိုရင် စိတ်မသက်မသာ ဖြစ်တယ်။

တော်တော်များများက ပြည်တွင်းမှာ ရွေးကောက်ပွဲဖြစ်နေပြီ။ ရွေးကောက်ပွဲနောက်ဆက်တွဲကို ဝင်ရောက်မစွက်ဖက်ဖို့ ပြည်တွင်းကိစ္စတွေဖြစ်တယ်ဆိုပြီး တစိုက်မတ်မတ်ပြောကြတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးဖို့ဆိုတဲ့စကားတွေကို အရမ်းကို နားကလောဖွယ်ရာ နားထောင်ခဲ့ရတယ်။ ဒီအပေါ်မှာလည်း ပြန်လည် တုံ့ပြန်ပြီးတော့ ဆွေးနွေးခဲ့တာတွေရှိတယ်။

အထူးသဖြင့် မြန်မာပြည်သူတွေကိုယ်ပိုင်ဖြစ်တဲ့ လှုပ်ရှားမှုတွေကို ကျမတို့ဘက်မှာ တိုးတက်မှုတွေရှိပြီ၊ SCEF(ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ) စုဖွဲ့မှုတွေအပါအဝင် အမျိုးသမီးတွေ ဂျန်ဒါစုံလင်ကွဲပြားသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အခြားတော်လှန်ရေးအင်အားစုတွေက ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို လုပ်ဆောင်နေကြပြီ။ ဒါကိုဆိုလိုတာမျိုးဖြစ်ဖို့လိုတယ်။ ဒါမှမဟုတ်ဘဲနဲ့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုပြီး စစ်တပ်လုပ်တာပဲ ခေါင်းငုံ့ခံပြီး စစ်တပ်လုပ်တာပဲ တသွင်သွင်ပြောနေမယ်ဆိုရင် ဒါက မြန်မာပြည်သူတွေကို စော်ကားတာဖြစ်တယ်။ ဒါဟာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်တာတွေဖြစ်တယ်လို့ ပြန်ပြောင်းပြောဆိုခဲ့ တာရှိပါ တယ်။

မေး ။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ရောက်နေတဲ့အချိန်မှာ တခြားလူတွေက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောတာ ဘာတွေ သတိထားမိလဲ။

ဖြေ ။ ။ တချို့နိုင်ငံတွေဆိုရင် မေးခွန်းတွေမေးတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး ဘယ်လို လုပ်သင့်လဲဆိုတဲ့ မေးခွန်းတွေကို မေးကြတယ်။ ကျမတို့က မြန်မာနိုင်ငံမှာကြုံနေရတဲ့ ဖြစ်ရပ်တွေက အခုမှအသစ် မဟုတ်ဘူး။ နှစ်ပေါင်းများစွာကြုံနေခဲ့ရတာဖြစ်သလို အဖြေကလည်း ကျမတို့ပြည်သူတွေမှာပဲရှိတယ်။ ဒီအဖြေကို ကျမတို့ ဆက်တိုက်ပြောဆိုခဲ့ကြတယ်။ ဒီအဖြေတွေကို တစိုက်မတ်မတ်နားမထောင်ဘဲနဲ့ လက်တဆုပ်စာလူတွေရဲ့ ခေါင်းဆောင် တချို့ရဲ့ အဖြေလောက်ပဲ နားထောင်ပြီး မြန်မာ့အနာဂတ်ကို ဆုံးဖြတ်နေတာတွေ ရပ်တန့်ဖို့လိုပြီပေါ့။

ဖက်ဒရယ်ဒီမိုကရေစီကို မြေပြင်ကနေ တည်ဆောက်ရတာဖြစ်တော့ ပြည်သူတွေရဲ့ အသံတွေ ဒိုင်ယာလော့တွေကို များများနားထောင်ရမယ်။ များများအားပေးရမယ်။ အမျိုးသမီးတွေ လူငယ်တွေ LGBT တွေရဲ့ အသံတွေကို ဗဟိုပြုရမယ်။ ဒါမှသာလျှင် ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကိုရမှာဆိုတာမျိုး တုံ့ပြန်ပြောဆိုခဲ့တာရှိပါတယ်။

မေး ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တင်ပြခဲ့တဲ့အပေါ် ဘယ်လိုအပြောင်းအလဲတွေကို မျှော်မှန်းထားလဲ။

ဖြေ ။ ။ မြန်မာ့အရေးက အခုကဆိုရင် ၆နှစ်ထဲဝင်ပြီ။ ရိုဟင်ဂျာအရေးဆိုရင် ၁၀ နှစ်ထဲဝင်ပြီပေါ့။ ဒီအပေါ်မှာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဝင်စားမှုကိုတော့ ထပ်ပြီးမြင်ရပါတယ်။ အင်အားကြီးနိုင်ငံတွေနဲ့ ကြွယ်ဝချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေကို လူ့အခွင့်အရေး လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးဖို့ပေါ့။ အဲဒီလိုပံ့ပိုးတဲ့အခါမှာလည်း တကယ့်ပြည်သူတွေ လက်ထဲရောက်နိုင်အောင် စစ်အုပ်စုလက်ထဲက တဆင့်မဟုတ်ဘဲနဲ့ တကယ့်ပြည်သူတွေဆီ တိုက်ရိုက်ရောက်နိုင်အောင် အရပ်ဖက်အဖွဲ့အစည်းတွေကတဆင့် ပေးဖို့ဆိုတာတွေ တောင်းဆိုခဲ့တာပေါ့။ ဒါတွေကတော့ လက်တွေ့မြင်ချင်တဲ့ လက်ငင်းမြင်လို့ရတဲ့ အပြောင်းအလဲလို့ပြောလို့ရတာပေါ့။

မေး ။ ။ ဆွေးနွေးတင်ပြခဲ့တဲ့အပေါ် အားရကျေနပ်မှုရှိလား။ ဘာတွေလိုအပ်ချက်ရှိလဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အဆုံးသတ်နိုင်ဖို့ UN အနေနဲ့ ဘာတွေလုပ်ပေးဖို့လိုလဲ။

ဖြေ ။ ။ မြန်မာပြည်သူတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရပ်တန့်နိုင်သရွေ့ ၊ ကျူးလွန်တဲ့သူတွေကို အရေးမယူနိုင်သရွေ့ ကျမတို့ဆွေးနွေးမှုတွေကို အားရတယ်မရှိဘူးပေါ့နော်။ UN မှာတော့ ဒီမိုကရေစီလူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့နိုင်ငံတွေကတော့ သူတို့တွေရဲ့ တရားမျှတမှုနဲ့ လူ့အခွင့်အရေး ရပ်တည်မှုတွေကို ထပ်ပြီးကြားရတဲ့ အပေါ်မှာ အားရမှုရှိတယ်။

တဖက်မှာလည်း ကျမတို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေဟာ ပြည်သူတွေရဲ့ အသံတွေကို မသိကျိုးကျွံပြုပြီးတော့ စစ်အုပ်စုဘက်ကို အလေးသာပြောဆိုတဲ့အပေါ်မှာတော့ ပိုပြီးတော့ စိတ်ထိခိုက်ရ တယ်။ ဒါကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲလို့မရတဲ့ ကိစ္စလိုဖြစ်နေတယ်။

UN မှာ အထူးသဖြင့် စစ်အုပ်စုကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ဂျီနိုဆိုက်အပါအဝင် လူသားမျိုးနွယ် အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေအပေါ်မှာ အရေးယူနိုင်ဖို့ ICC ကို လွှဲပြောင်းပေးဖို့ကိစ္စတွေကို အထူး အလေးပေးတိုက်တွန်းတာဖြစ်တော့ အဲဒီလိုတွေဖြစ်လာဖို့ကို ကျမတို့အထူး မျှော်လင့်တယ်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/opinion/interview/2026/09/09/416142.html
ဧရာဝတီ
မြန်မာ့နည်း မြန်မာ့ဟန်ဆိုပြီး စစ်တပ်လုပ်တာပဲ ခေါင်းငုံ့ခံနေရင် ပြည်သူကို စော်ကားတာဖြစ်တယ်
အစည်းအဝေးတွင် ဆွေးနွေးမှုအသေးစိတ်များနှင့် အစည်းအဝေးအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီက မသဉ္ဇာရွှန်းလဲ့ရည်ကို ဆက်သွယ်မေးမြန်းထားသည်။
❤34👍17
September 9, 2026 3.7K 3