ဗန်းမော် စင်းခန်းတံတား ဗုံးကြဲခံရ ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆… — The Irrawaddy - Burmese — TG.ME

ဗန်းမော် စင်းခန်းတံတား ဗုံးကြဲခံရ

ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏သင်္ဘောအုပ်စုမှ တချို့ မီးလောင်ပျက်စီးခဲ့ရပြီး ရေယာဉ်ပေါ်ပါ စစ်သည်နှင့် မိသားစုဝင်များ စင်းခန်းတံတားအနီးလက်နက်ချ အညံ့ခံရမှုဖြစ်စဉ်များအပြီး ယနေ့တွင် စင်းခန်းတံတားရှိရာသို့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်ရှေ့တန်းသတင်း အရင်းအမြစ်တဦးက “ ဗုံးကြဲခံရတာ ဟုတ်တယ်၊ သံဘောင်တွေပဲ ပျက်စီးတယ်” ဟု ပြောသည်။

ကချင်သတင်းအရင်းအမြစ်အချို့၏ လူမှုကွန်ရက်တွင်ဖော်ပြချက်များအရ တံတားအရှေ့ကမ်းခြေဆင်း တံတားကိုယ်ထည်နှင့် အောက်ခြေတိုင်အနည်းငယ် ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။

စင်းခန်းဒေသသည် ဗန်းမော်ထိုးစစ်အတွက် အရေးပါသည့် အချက်အချာကျသော နေရာဖြစ်ပြီး စစ်တပ်ဘက်က ထိုးစစ်ဆင်လာမှုကြောင့် ပြီးခဲ့သည့် ဇွန်လမှစတင်၍ သွားလာဖြတ်သန်းမှုများ ယာယီပိတ်ပင်ထားကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ၂ ရက်က ရွှေကူမှဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုသင်္ဘောများအား KIA ပူးပေါင်းတပ်များ တိုက်ခိုက်ရာတွင် စင်းခန်းတံတားအနီး သင်္ဘောပျက်စီးမှုများရှိခဲ့ပြီး စစ်သားများနှင့် မိသားစုဝင် ၁၉၀ ဦးခန့် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎44❤8😁7👍1😱1
September 6, 2026 4.5K 2