ဒေါ်အောင်ဆန်းစုကြည် မိသားစုနှင့် ဆက်သွယ်တွေ့ဆုံခွင့်ရရေး “FREE HER”… — The Irrawaddy - Burmese — TG.ME

ဒေါ်အောင်ဆန်းစုကြည် မိသားစုနှင့် ဆက်သွယ်တွေ့ဆုံခွင့်ရရေး “FREE HER” ကမ်ပိန်း စ

ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၆

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် မိသားစုတို့ ဆက်သွယ်တွေ့ဆုံခွင့်၊ ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် “FREE HER” လှုပ်ရှားမှုကို စတင်မည်ဟု သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ယမန်နေ့တွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို စိုးရိမ်နေရဆဲဖြစ်ပြီး၊ အခြေခံအခွင့်အရေးများ၊ မိသားစုနှင့် တွေ့ဆုံခွင့်နှင့် ခြွင်းချက်မရှိ လွတ်မြောက်ခွင့်တို့အတွက် “FREE HER” လှုပ်ရှားမှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် ကင်မ်အဲရစ်က “All In One Peace Movement” အဖွဲ့ကိုယ်စား ထုတ်ပြန်သည့် ပန်ကြားစာတွင် ၎င်း၏ မိခင်နှင့်အတူ ရပ်တည်ပေးခဲ့ကြသူများအား ကျေးဇူးတင်ကြောင်းလည်း ပြောဆိုထားသည်။

ကင်မ်က “အမေ အသက်ရှင်နေသေးသလား ဆိုတာကိုတောင် မသေချာတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ အဖြေတခုရဖို့ ကျနော်နဲ့အတူ ခင်ဗျားတို့ရဲ့အသံ ထုတ်ဖော်ပေးခဲ့ကြပါတယ်။ ကမ္ဘာတဝန်းက လူတွေရဲ့ ထောက်ခံအားပေးမှုမရှိခဲ့ရင် ဒီနေ့အထိ အမေ အသက်ရှင်နေသေးလားဆိုတာ မသိနိုင်ပါဘူး။ ဒီအကူအညီတွေကို ကျနော်ဘယ်တော့မှ မမေ့ပါဘူး” ဟု ပြောသည်။

မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုကြောင့် စိတ်သက်သာရာ အနည်းငယ် ရစေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

အသက် ၈၁ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်အား အတိအကျ မသိရသေးသလို မိခင်နှင့်တွေ့ဆုံခွင့်၊ စကားပြောခွင့် မရသေးကြောင်း၊ ထို့ကြောင့် နောက်တဆင့်အနေဖြင့် မိခင်လွတ်မြောက်မှု တောင်းဆိုမည်ဖြစ်ပြီး “FREE HER” လှုပ်ရှားမှု၌ ၎င်းနှင့်အတူ ဆက်လက်ရပ်တည်ကာ ပါဝင်ပေးကြရန် ကင်မ်က မေတ္တာရပ်ခံထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤68👍17😁3
September 7, 2026 3.9K 2