ဂန့်ဂေါခရိုင်တပ်ရင်း ၃ ရင်း NUG မှ ခွဲထွက်ပြီး တပ်အသစ်တည်ထောင်
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှ ဂန့်ဂေါခရိုင်တပ်ရင်း ၃ ရင်း ခွဲထွက်ကာ ယောလွတ်မြောက်ရေး တပ်တော် (YLA) ကို တည်ထောင်လိုက်ကြောင်း YLA က ယမန်နေ့တွင် ကြေညာသည်။
NUG/MOD ဂန့်ဂေါခရိုင် စစ်ဌာနအောက်တွင် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ခွဲထွက်ခဲ့သည့် တပ်ရင်းများမှာ အမှတ် (၁၊ ၁၈၊ ၁၉) တပ်ရင်းတို့ဖြစ်သည်။ ယင်းသို့ ခွဲထွက်ခြင်းမှာ NUG/MOD ၏ ဦးဆောင်မှုအပေါ် ယုံကြည်မှုမရှိခြင်း၊ ဌာနအတွင်း ပဋိပက္ခဖြစ်ခြင်းများကြောင့် မဟုတ်ဘဲ၊ ယောဒေသအရေး မိမိတို့ကိုယ်တိုင် ပုံဖော်ထုဆစ်နိုင်ရေး၊ စစ်ရေးအရ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်ရေးနှင့် အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် ပိုမို ကျယ်ပြန့်စွာ မဟာမိတ်ပြုနိုင်ရေးတို့အတွက် သြဂုတ် ၁ ရက်တွင် တပ်သစ်တည်ထောင်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးတို့မှာ အဓိက ရည်မှန်းချက်ဖြစ်ပြီး၊ စစ်မှန်သော လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှ သွေဖယ်၍ မည်သည့် လုပ်ငန်းကိုမျှ ဆောင်ရွက်မည်မဟုတ်ကြောင်းနှင့် ယောဒေသအတွင်း လက်နက်ကိုင် တော်လှန်ရေးတပ်များ တစုတစည်းတည်းဖြစ်လာရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
YLA အနေဖြင့် ချင်းပြည်နယ်တောင်ပိုင်း (မင်းတပ်နယ်) နှင့် ယောဒေသ (ကျောက်ထုနယ်) တို့တွင် ဒေသခံတပ်များ၊ NUG/MOD လက်အောက်ခံ တပ်ရင်းများ၊ မဟာမိတ်များနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ -YLA တပ်ဖွဲ့ဝင်များ/ YLA
#WhatsHappeningInMyanmar
#RejectMilitaryCoup
29
11
10
1
1September 6, 2026 2.9K 6