ထရမ့်၏ ငြိမ်းချမ်းရေးအဆိုပြုချက် ဖော်ဆောင်ရန် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ပူတင်နှင့်တွေ့ဆုံ
ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆
ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှု ၄ နှစ်ကျော်လာချိန်တွင် စစ်ပွဲရပ်တန့်ရေးအတွက် သမ္မတ ထရမ့်၏ ငြိမ်းချမ်းရေး အဆိုပြုချက်များ ဖော်ဆောင်ရန် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့က သမ္မတ ပူတင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြသည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် သမ္မတ ထရမ့်၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက် Steve Witkoff နှင့် သားမက်ဖြစ်သူ Jared Kushner တို့ဦးဆောင်ပြီး ယမန်နေ့က မော်စကို၌ သမ္မတ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး စစ်ပွဲရပ်တန့်ရေး အနှစ်သာရရှိသည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
ပူတင်က ယင်းကိုယ်စားလှယ်အဖွဲ့၏လုံခြုံရေးကို အာမခံချက်ပေးမည်ဟု ပြောဆိုခဲ့သလို စစ်ပွဲအဆုံးသတ်ရန် မလွယ်ကူသည့်ကြားမှ စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းဆောင်ရွက်နေသည့် ထရမ့်ကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုသည်။
သမ္မတ ပူတင်နှင့်တွေ့ဆုံပြီးနောက် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ယူကရိန်းမြို့တော် ကိယက်ဗ်၌ သမ္မတ ဇလန်းစကီးနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အကျိုးရှိသော အစည်းအဝေးများဖြစ်ပေါ်လာရေး မျှော်လင့်ထားကြောင်း အမေရိကန်ဘက်က ဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်ကာ ရုရှားက ယူကရိန်းအားကျူးကျော်တိုက်ခိုက်ပြီးနောက် လူသိန်းနှင့်ချီ သေဆုံးကာ သန်းနှင့်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး နှစ်ဖက်စလုံးတွင် အရပ်သားသေဆုံးမှုများမှာလည်း သိသိသာသာမြင့်တက်လာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းစစ်ပွဲ ရပ်တန့်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အမေရိကန်၏ ကြိုးပမ်းမှုများအောင်မြင်မှု မရှိသေးချိန်တွင် အီရန်စစ်ပွဲကြောင့် ဆွေးနွေးပွဲများ နှောင့်နှေးရပ်တန့်နေမှုကို ပြန်လည် အသက်သွင်းရန် ယခုခရီးစဉ်စတင်ခဲ့ခြင်း ဖြစ်သည်။
ထရမ့်၏ ငြိမ်းချမ်းရေးအစီအစဉ်များ ဖော်ဆောင်နိုင်ရေး အမေရိကန်သံတမန်အဖွဲ့ခရီးစဉ်အတွင်း ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် နှစ်နိုင်ငံမြို့တော်များအား ၃ ရက်ကြာ တိုက်ခိုက်ခြင်းမပြုရန် ကတိပြုထားကြောင်းလည်း သိရသည်။
ရုရှားသည် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအား အလုံးစုံသိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပြီး ၎င်းတို့၏ စစ်ရေးရည်မှန်းများ အောင်မြင်မည်ဟုယုံကြည်သည်ဟု အမေရိကန်သံတမန်များကို ပြောကြားခဲ့ကြောင်းလည်း ရုရှားဘက်က ဆိုထားသည်။
ထိုသို့ ဆွေးနွေးပွဲများလုပ်ဆောင်နိုင်ရေး စစ်ပွဲကာလအတွင်း အမေရိကန်အဖွဲ့ မော်စကိုသို့ ၈ ကြိမ်မြောက်သွားရောက်ခြင်းဖြစ်သော်လည်း ယူကရိန်း ကိယက်ဗ်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။
28
5
4September 6, 2026 3K 2