နိုင်ငံကိုသုံး၍ ဆန့်ကျင်လှုပ်ရှားမှုများ လက်မခံရန်… — The Irrawaddy - Burmese — TG.ME

နိုင်ငံကိုသုံး၍ ဆန့်ကျင်လှုပ်ရှားမှုများ လက်မခံရန် ဗီယက်နမ်နှင့်သဘောတူ

ဧရာဝတီ၊ စက်တင်ဘာ ၆၊ ၂၀၂၆

မြန်မာနှင့် ဗီယက်နမ်နှစ်ဖက်စလုံးက မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ အခြားနိုင်ငံတနိုင်ငံအား ဆန့်ကျင် လှုပ်ရှားရန် အတွက် မိမိနိုင်ငံနယ်မြေအား အသုံးချခွင့်မပြုဖို့ စစ်အုပ်စုသမ္မတ မင်းအောင်လှိုင်နှင့် ဗီယက်နမ်သမ္မတ တိုလန်းတို့ကြား ယမန်နေ့က ဆွေးနွေးသဘောတူခဲ့ကြကြောင်း ဗီယက်နမ်သတင်းများတွင် ဖော်ပြသည်။

အာဆီယံ ဒေသတွင်း ၃ နိုင်ငံမြောက် ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ အာဏာသိမ်း သမ္မတ စက်တင်ဘာ ၄ ရက်တွင် စတင်သွားရောက်ခဲ့ပြီးနောက် ဗီယက်နမ် အစိုးရခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကာ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေး သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ-ထိုင်း-လာအို-ဗီယက်နမ် အရှေ့-အနောက် စီးပွားရေးစင်္ကြံ ပိုမို အားကောင်းလာစေရေးနှင့် အိန္ဒိယ-မြန်မာ-လာအို-ဗီယက်နမ် လမ်းကြောင်းတို့နှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံအနေဖြင့် လေ့လာဆန်းစစ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဗီယက်နမ်သမ္မတက ပြောဆိုသည်။

စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး၊ နှစ်နိုင်ငံ အရာရှိငယ်များ လေ့ကျင့်ရေးနှင့် ဖလှယ်ရေး၊ သဘာဝဘေးအန္တရာယ် တုံ့ပြန်မှု ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကူးမှု၊ အွန်လိုင်း လိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေးတို့တွင် သတင်းအချက်အလက် မျှဝေရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ မျက်နှာစာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထောက်ခံရပ်တည်သွားရေးနှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ပြုလုပ်နိုင်ရေးတို့ကိုလည်း စစ်အုပ်စုသမ္မတ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် စစ်အုပ်စုနှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်နေသည့် ဆက်သွယ်ရေးလုပ်ငန်း Mytel ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် ရတနာပုံ နည်းပညာမြို့တော် (Yatanarpon Cyber City) နှင့် နည်းပညာဇုန်များတွင် ဗီယက်နမ်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာပစ္စည်းများ ထုတ်လုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း စစ်အုပ်စုက သတင်း ထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
👎45😁11❤6
September 6, 2026 3.7K 6