ဟော်မုဇ် ရေလက်ကြားကို ထရမ့် ရေလက်ကြားဟု အမည်ပြောင်းလဲရန် ထရမ့်… — The Irrawaddy - Burmese — TG.ME

ဟော်မုဇ် ရေလက်ကြားကို ထရမ့် ရေလက်ကြားဟု အမည်ပြောင်းလဲရန် ထရမ့် အကြံပြု

ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ် ရေလက်ကြားအား ၎င်း၏ အမည်ကို အစွဲပြု၍ ပြောင်းလဲရန် အကြံပြုခဲ့ပြီး အဆိုပါ ရေလမ်းကြောင်း ဒေသအတွင်း သင်္ဘောများအပေါ် အီရန်က နေ့စဉ်နီးပါး တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း ယင်းရေလက်ကြားမှာ ဝါရှင်တန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်က အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ် အများအပြားကို တိုက်ခိုက်ခဲ့သဖြင့် တောင်ပိုင်း စီရစ် (Sirik) မြို့ရှိ မင်္ဂလာဆောင်တခုတွင် ကလေးငယ် နှစ်ဦး အပါအဝင် အနည်းဆုံး လူလေးဦး သေဆုံးခဲ့ရပြီး ၂၄ နာရီပင် မပြည့်သေးမီ ဗုဒ္ဓဟူးနေ့၌ ထရမ့်က ယခုကဲ့သို့ အကြံပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

"အခုဆိုရင် ကျနော်တို့က အမေရိကန် ထိန်းချုပ်မှုအောက် ရောက်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဆိုတော့ ဟော်မုဇ် ရေလက်ကြား အမည်ကို 'ထရမ့် ရေလက်ကြား' လို့ ပြောင်းလဲသင့်ပါသလား" ဟု ထရမ့်က လူမှုကွန်ရက် ပို့စ်တခုတွင် ရေးသားခဲ့သည်။

အီရန်သည် အင်္ဂါနေ့က တိုက်ခိုက်မှုအပေါ် ဒေသတွင်းရှိ အမေရိကန် စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်၍ တုံ့ပြန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများကြောင့် ရေနံဈေးနှုန်းများ ၄ ရာခိုင်နှုန်းခန့် မြင့်တက်သွားခဲ့သည်။

ဟော်မုဇ် ရေလက်ကြားမှာ လက်ရှိတွင် ပွင့်လင်းသွားပြီဖြစ်ကြောင်းနှင့် နေ့စဉ် ရေနံစည်ပေါင်း သန်းပေါင်းများစွာ ဖြတ်သန်းသွားလာနေကြောင်း အမေရိကန် တာဝန်ရှိသူများက အကြိမ်ကြိမ် ပြောဆိုနေသော်လည်း မကြာသေးမီ သီတင်းပတ်များအတွင်း ရေနံဈေးနှုန်းများ ကျဆင်းသွားခြင်း မရှိခဲ့ပေ။

အီရန်ကမူ အဆိုပါ ရေလမ်းကြောင်းမှာ ပိတ်ထားဆဲဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေကြောင်း ဆက်လက် အခိုင်အမာ ပြောဆိုထားသည်။

ဗုဒ္ဓဟူးနေ့တွင် ရေနံတင်သင်္ဘောတစီးအား တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် လူနှစ်ဦး သေဆုံးခဲ့ရမှုအတွက် အီရန်အား ဆော်ဒီအာရေးဗီးယားက စွပ်စွဲပြစ်တင်ခဲ့သည်။

ဗြိတိသျှ ရေတပ်နှင့် ဆက်စပ်နေသော စောင့်ကြည့်ရေး အေဂျင်စီတခုဖြစ်သည့် UKMTO (United Kingdom Maritime Trade Operations) က ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောများ တိုက်ခိုက်ခံရမှုကို နီးပါးမျှ နေ့စဉ် သတင်းထုတ်ပြန်လျက် ရှိသည်။

အီရန်သည် ဒေသတွင်းရှိ အမေရိကန် အကျိုးစီးပွားများကို ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေသည့်ကြားမှ ထရမ့်က စစ်ရေးအရ ရှုံးနိမ့်သွားပြီဟု အကြိမ်ကြိမ် အခိုင်အမာ ပြောဆိုကာ ဟော်မုဇ် ရေလက်ကြားအပေါ် အောင်ပွဲရရှိမှုနှင့် ထိန်းချုပ်နိုင်မှုကို ဆက်လက် ကြွေးကြော်နေသည်။

အင်္ဂါနေ့ အမေရိကန်၏ တိုက်ခိုက်မှုများအပြီးတွင် ထရမ့်က တီဟီရန်အား လက်စားချေခြင်း မပြုရန် ပြင်းထန်စွာ သတိပေးခဲ့ပြီး အီရန်က ပြန်လည်တုံ့ပြန်ပါက "ယခင်ထက် ပိုမို ပြင်းထန်ပြီး မြင့်မားသော အဆင့်ဖြင့် ထပ်မံ တိုက်ခိုက်ခံရလိမ့်မည်" ဟု ပြောကြားခဲ့သည်။

သို့သော် နာရီပိုင်းအတွင်းမှာပင် အီရန်စစ်တပ်သည် ဘာရိန်း၊ ဂျော်ဒန်နှင့် အီရတ် စသည့် နိုင်ငံများရှိ အမေရိကန် စခန်းများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

"ထရမ့် ရေလက်ကြား" အကြံပြုချက်သည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နှင့် ကနေဒါအကြား တင်းမာနေသည့် ကုန်သွယ်ရေး အငြင်းပွားမှုများကြောင့် ကနေဒါနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အွန်တေးရီယို အိုင် (Lake Ontario) ကို "အမေရိကန် အိုင်" (Lake America) ဟု တဖက်သတ် အမည်ပြောင်းလဲခဲ့ပြီး နောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုးကား။ ။ Al Jazeera သတင်း Trump suggests renaming Strait of Hormuz as Trump Strait amid Iran war
😁23❤6👍2
September 3, 2026 1.8K 2