စစ်ရေယာဉ်အုပ်မှ ၇ စီးသာ ဗန်းမော်အနီးရောက်၊ ကမ်းနဖူးရွာများ… — The Irrawaddy - Burmese — TG.ME

စစ်ရေယာဉ်အုပ်မှ ၇ စီးသာ ဗန်းမော်အနီးရောက်၊ ကမ်းနဖူးရွာများ ဗုံးကြဲရှင်းလင်းခံရ

ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆

ယမန်နေ့က ဧရာဝတီမြစ်ကျဉ်းတွင် အတိုက်ခံရပြီး အထိနာခဲ့သည့် စစ်တပ်သင်္ဘောအုပ်စုမှ ၇ စီးသာ စင်းခန်းတံတားကိုကျော်ပြီး ယနေ့ ဗန်းမော်မြို့အနီး ကံသာရွာနားအထိ ရောက်ရှိလာပြီး မြစ်ကမ်းဘေးရွာများ ဗုံးကြဲခံနေရကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုတွင် ၁၅ စီးခန့် ပါရှိပြီး ဗန်းမော်မြို့အနီး ရောက်လာသည်မှာ စစ်သင်္ဘော၂ စီးနှင့် သံခွံသင်္ဘော ၅ စီးပါဝင်ကာ လမ်းကြောင်းရှင်းပေးသည့်အနေဖြင့် Y-12 ဖြင့် မြစ်ရှေ့ကမ်းနှင့် အနောက်ဘက်က လက်ပန်တန်း၊ ကံသာ၊ ညောင်ပင်သာနှင့် ကုန်းမဟုတ်ရွာတို့အား ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ရေးသတင်းအရင်းအမြစ်က “အခုကို ကမ်းဘေးရွာတွေကို ဗုံးကြဲနေတာ၊ သင်္ဘောတွေက လက်ပန်တန်းနဲ့ ကံသာကြား ရောက်နေပြီ။ အကုန်ဗန်းမော်ကို ရောက်နိုင်ပါတယ်။ နီးလည်းနီးပြီ မီတာ ၅ ထောင်ကျော်လောက်ပဲ ရှိတော့တယ်။ မြစ်ကြောင်းကျယ်တဲ့နေရာဆိုတော့ ပစ်ရတာလည်းခက်တယ်၊ ပစ်ခတ်တာတွေတော့ ရှိနေပါသေးတယ်” ဟု ပြော သည်။

မြစ်ကမ်းဘေးရွာများကို အပြင်းအထန်ဗုံးကြဲနေသော်လည်း လူထုအနေဖြင့် တပတ်ခန့်ကတည်းက ကြိုတင်တိမ်းရှောင်ထားကြသည့် အတွက် အထိအခိုက်နည်းပြီး နေအိမ် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။

ယမန်နေ့က ဇင်းဘုံရွာအနီး ဧရာဝတီ ဒုတိယမြစ်ကျဉ်းအား ဖြတ်သန်းစဉ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် မြစ်ကျဉ်းအတွင်း စစ်သင်္ဘောတစီး အပါအဝင် သုံးစီးနစ်မြုပ်ကာ သံခွံတွဲသင်္ဘော ၄ စီး ကမ်းထိုး ရပ်တန့်ခဲ့ရသည့်အတွက် စုစုပေါင်းသင်္ဘော ၇ စီးအထိ ပူးပေါင်းတပ်တို့ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်။

ယမန်နေ့ တိုက်ခိုက်မှုအတွင်း နစ်မြုပ်သွားသည့်သင်္ဘောမှ စစ်သားများ သေဆုံးမှုများပြားနိုင်ပြီး၊ ရေစီးနှင့်မျောပါလာသူအချို့လည်း တွေ့ရသည့်အပြင် တိုက်ခိုက်ခံရမှုကြောင့် ကမ်းကပ်ခဲ့ရသော သင်္ဘောများပေါ်မှ စစ်သားနှင့် မိသားစုဝင်များ ၁၈၀ ဦးခန့်အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားသော်လည်း လေကြောင်းအန္တရာယ်ကြောင့် ကမ်းကပ် ရပ်နားခဲ့သည့် သင်္ဘောများအား အပြီးသတ် ရှင်းလင်းမှုများမပြုလုပ်နိုင်သေးကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

လတ်တလော လက်ကျန် သင်္ဘော ၇ စီး ဗန်းမော်မြို့သို့ ရောက်ရှိလာပါက နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေသည့် ဗန်းမော်တွင် စစ်တပ်ဘက်မှ စစ်ကူ၊ ရိက္ခာ ပိုမိုတောင့်တင်းလာနိုင်သည့်အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်များက သုံးသပ်ထားသည်။

ပုံစာ- စစ်ရေယာဉ်အုပ်စုတိုက်ခိုက်ခံရ၍ သင်္ဘောများပျက်စီးကာ ရေထဲမျောပါနေကြသည့် အာဏာသိမ်းစစ်တပ် အဖွဲ့ဝင်တချို့

#WhatsHappeningInMyanmar
#RejectMilitaryCoup
❤20👎6
September 3, 2026 1.8K 3