မန္တလေးမြို့ပေါ် ကျားဖြန့်အိမ် စစ်တပ် ဝင်စီး
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက် ၃၉ လမ်းနှင့် လမ်း ၄၀ ကြား၊ လမ်း ၈၀ ပေါ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် နေအိမ်တအိမ်အား ယမန်နေ့က အာဏာသိမ်းစစ်တပ်မှ ဝင်ရောက်စီးနင်းပြီး လူ ၁၀ ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ရဲအသိုင်းအဝိုင်းနှင့် ဒေသခံများထံက သိရသည်။
ကျားဖြန့် လုပ်ကိုင်နေသည်ဟု သတင်းအရ စစ်တပ်၊ ရဲ၊ ပျူစောထီးပူးပေါင်း အဖွဲ့ အင်အား ၅၀ ကျော်ဖြင့် လမ်းပိတ်၍ ဝင်ရောက်စီးနင်းခဲ့ခြင်းဟု သိရသည်။
“ကျားဖြန့်လုပ်နေတဲ့အိမ် ဟုတ်တယ်၊ ရဲက စစ်တာတော့ မဟုတ်ဘူး၊ ရဲမပါဘဲ စစ်တပ်ကနေ ဝင်စစ်ပြီးမှ နယ်မြေခံရဲကို လှမ်းခေါ်တာ၊ ဗဟိုကနေ တပ်ကို ခိုင်းတာလို့ ထင်တယ်၊ ကျားဖြန်လုပ်နေကြတာ မှန်တယ်၊ လောလောဆယ် မန္တလေးမှာ မရှိဘူး၊ စစ်နေတုန်းလို့ သိရတယ်၊ ဘယ်ခေါ်သွားမှန်းလဲ မသိရသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
အဆိုပါနေအိမ်အတွင်းမှ ကွန်ပျူတာ၊ လက်ပ်တော့၊ မိုဘိုင်းဖုန်း၊ ငွေကြေးများကို ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း၊ မိန်းကလေးငယ်အချို့အပါ လူ ၁၀ ထက်မနည်းကို စစ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများမှာ လူစိမ်းများဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရှိရကြောင်း ဒေသခံများက ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်းအစိုးရက တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးသလို အမှတ် ၉ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ပုံစာ-အာဏာသိမ်းပြီးနောက် မန္တလေးတွင် လုံခြုံရေးယူနေသော တပ်ဖွဲ့ဝင်များ/ ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup
32
5
5September 3, 2026 2.5K 9