ညီလာခံရွှေ့ဆိုင်းလိုက်ရသည့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုဂယက် ဧရာဝတီ၊… — The Irrawaddy - Burmese — TG.ME

ညီလာခံရွှေ့ဆိုင်းလိုက်ရသည့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုဂယက်

ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆

အာဏာသိမ်း စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)က လေးကြိမ်မြောက်ပါတီ ညီလာခံကျင်းပရန် ပြင်ဆင်နေချိန် ပါတီတွင်းအာဏာလု ပဋိပက္ခသတင်းများထွက်ပေါ်လာပြီးနောက် ညီလာခံရွှေ့ဆိုင်းထား ရသည်။

ထိုညီလာခံ၌ ပါတီဗဟိုအလုပ်အမှုဆောင်သစ်များ ရွေးချယ်ရန်ရှိပြီး မူလပါတီခေါင်းဆောင်ပိုင်းနှင့် သမ္မတနေရာယူထား သည့် မင်းအောင်လှိုင်တို့ကြား ပါတီထိပ်ပိုင်းနေရာသစ်များအတွက် သဘောထားကွဲလွဲသဖြင့် ညီလာခံကျင်းပမည့်ရက် နောက်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ညီလာခံရွှေ့ဆိုင်းမှုကို အတည်ပြုခဲ့ပြီး အစိုးရအဖွဲ့အတွင်း ပါဝင်သူများ နေရာ တွင်လည်း အစားထိုး ခန့်အပ်မှုများရှိနိုင်သလို အချို့ဗဟိုအလုပ်အမှုဆောင် (CEC) များမှာလည်း ပါတီမှ အနားယူ နုတ်ထွက်မှုများ ရှိလာနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဦးလှသိန်းက “ပါတီညီလာခံကို ဆိုင်းငံ့ထားတာ ကျနော်တို့က လွှတ်တော် ခေါ်ထားတယ်လေ။ အစိုးရအဖွဲ့ဝန်ကြီးနေရာ ရသွားသူတွေရဲ့ လစ်လပ်နေရာတွေကို အစားထိုးဖို့ လုပ်နေတယ်ဆိုတာ မှန်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကျရင် မလွှဲ မသွေ အစားထိုးရမှာလေ။ CEC တွေလည်း တချို့ အသက်အရွယ်ကြီးတာတွေ (အပြောင်းအလဲ) ရှိရင်လည်း ရှိမှာပေါ့လေ။ ကျန်းမာရေးအရ နားချင်လည်း နားမှာပေါ့လေ။ ဒီမှာတော့ အသစ်တွေ ပြန်ဝင်လာတယ်” ဟု ပြောသည်။

ပါတီညီလာခံ ရုတ်တရက် ရွှေ့ဆိုင်းရခြင်းက လွှတ်တော်များ ပြန်ခေါ်ထားသည့် ရက်နှင့်နီးကပ်နေသဖြင့် ရွှေ့ဆိုင်းရခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

မည်သည့်ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း မီဒီယာတချို့တွင်မူ စက်တင်ဘာ ၁၇၊ ၁၈ ရက်တို့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ဖော်ပြထားကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရထံမှ အာဏာသိမ်းပြီးနောက် စစ်တပ်ရွေးကောက်ပွဲ၌ ပြိုင်ဘက်မရှိ အနိုင်ရကာ တကြော့ပြန် အာဏာရလာသည့် ကြံ့ခိုင်ရေးပါတီအတွင်း စစ်တပ်မှလာသည့် မိုးကျရွှေကိုယ်သစ်များနှင့် မူလပါတီ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများကြား အာဏာလွန်ဆွဲသည့် ပဋိပက္ခများက ညီလာခံကျင်းပခါနီးတိုင်း ဖြစ် ပေါ်လေ့ရှိ သည်ဟု ဆိုရမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ နှင့် ပုဒ်မ-၂၃၂ ( ဋ) တို့အရ သမ္မတ၊ ဒုသမ္မတနှင့် ဝန်ကြီး၊ ဒုဝန်ကြီးများသည် ပါတီလုပ်ငန်းများ ပါဝင်ဆောင်ရွက်ခွင့် မရှိကြောင်း ကန့်သတ်ပိတ်ပင်ထားသည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အစိုးရအဖွဲ့အတွင်း ကြံ့ခိုင်ရေးပါတီက ဒုသမ္မတ ဒေါ်နန်းနီနီအေးနှင့် ဦးမျိုးဇော်သိမ်း၊ ဦးမောင်မြင့်၊ ဒေါက်တာမောင်သင်း၊ ဦးခင်မောင်စိုး၊ ဦးရဲမြင့်ထွန်းသာမကတိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နေရာအများစုကို လည်း ရယူထားရာ နေရာတော်တော်များ လစ်လပ်မှု ရှိလာမည်ဖြစ်သည်။

ယခုညီလာခံတွင် ပါတီသို့ နောက်မှရောက်လာသော ဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် ဦးအောင်လင်းဒွေး၊ ဦးသက်ပုံ၊ ဦးတေဇကျော်၊ ဦးစိုးတင့်နိုင်၊ ဦးသန်းထွန်းဦးတို့အနေဖြင့် ပါတီထိပ်ပိုင်းရာထူးများ၌ ပါဝင်လာနိုင်ကြောင် သုံးသပ်မှုများ ရှိနေသည်။

ကြံ့ခိုင်ရေးပါတီ၏ ရာဇဝင်တွင် ၂၀၁၅ ခုနှစ်က သမ္မတဟောင်း ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ကြား “သန်းခေါင်ယံအာဏာ သိမ်းမှု”ဟု လူသိများသည့် အာဏာလွန်ဆွဲပွဲ ဖြစ်ခဲ့ရာ ၂၀၁၆ ခုနှစ်ပါတီညီလာခံတွင် စစ်ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေး ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၂ ခုနှစ်က ကျင်းပသည့် သုံးကြိမ်မြောက်ပါတီ ညီလာခံတွင် ဥက္ကဋ္ဌ ဦးသန်းဌေးအား နုတ်ထွက်စေကာ အာဏာသိမ်းစစ်ခေါင်းဆောင် လူယုံ ဗိုလ်ချုပ်ဟောင်း ခင်ရီက ပါတီဥက္ကဋ္ဌသစ် ဖြစ်လာခဲ့သည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/09/03/415992.html
ဧရာဝတီ
ညီလာခံရွှေ့ဆိုင်းလိုက်ရသည့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုဂယက်
အစိုးရအဖွဲ့အတွင်း ပါဝင်သူများ နေရာတွင်လည်း အစားထိုး ခန့်အပ်မှုများရှိနိုင်သည့်အပြင် အချို့ဗဟိုအလုပ် အမှုဆောင် (CEC) များမှာလည်း ပါတီမှ အနားယူနုတ်ထွက်မှုများ ရှိလာနိုင်ကြောင်း ပြောသည်။
😁36❤6🤔3👎1
September 3, 2026 2.3K 4