ထိုင်းနိုင်ငံသားများ ကျိုင်းတုံအထိ ၁၄ ရက်လည်ပတ်ခွင့်ပေးဖို့ စီစဉ်နေ
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်၌နေထိုင်သူများ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass- အစိမ်းရောင်စာအုပ်) အသုံးပြုပြီး တာချီလိတ်- ကျိုင်းတုံအထိ သွားရောက်နိုင်ဖို့ အာဏာသိမ်းအစိုးရ၏ လူဝင်မှုကြီးကြပ် ရေး၊ အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာဌာနမှ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ယမန်နေ့တွင် မယ်ဆိုင်သတင်းက ဖော်ပြထားသည်။
တရားဝင် ခရီးသွားလာမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းအတည်ပြုချက်များ အခြေအနေအလိုက် ပြောင်းလဲနိုင်သဖြင့် ခရီးသွားလာမည့်သူများအနေဖြင့် အသေးစိတ်စည်းကမ်းချက်များကို စောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။
မယ်ဆိုင်မြို့မှ ခရီးသွားဝန်ဆောင်မှုပေးသူတဦးက “ချင်းရိုင်ခရိုင်မှာနေတဲ့ ထိုင်းတွေ တာချီလိတ်ကို လာဖို့အတွက် အဓိက ရည်ရွယ်တာဆိုတော့ မြန်မာဘက်က ချင်းရိုင်အထိ လည်လို့ရအောင်ကတော့ ညှိနှိုင်းနေတုန်းလို့ ကြားရပါတယ်”ဧရာဝတီကို ပြောသည်။
မြန်မာဘက် ဝင်ရောက်လာသူများအနေဖြင့် ကျိုင်းတုံမြို့ရှိ နောင်တုံကန်၊ မဟာမြတ်မုနိဘုရား (ဝပ်ဖကျောက်လုံ)၊ ဝပ်ကျောင်းခမ်း၊ သစ်တပင်တောင်နှင့် မြို့မဈေး၊ လွိုင်မွေ စသည့် လည်ပတ်စရာများရှိပြီး အနီးဝန်းကျင်တောင်တန်းဒေသများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဒေသထွက်အစားအစာများကို လေ့လာနိုင်မည်ဖြစ်သလို မယ်ဆိုင်- တာချီလိတ်- ကျိုင်းတုံ ခရီးသွားလုပ်ငန်းများ အဆင်ပြေပါက ဟိုတယ်၊ စားသောက်ဆိုင်၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသထွက် ကုန်ရောင်းဝယ်ရေးလုပ်ငန်းများကို အထောက်အကူပြုစေမည်ဟု ဒေသခံများက ပြောဆိုသည်။
သို့သော် တဖက်တွင်လည်း ကျားဖြန့်၊ ကာစီနို၊ တရားမဝင်ငွေလွှဲနှင့် မှောင်ခိုလုပ်ငန်းများကြောင့်ထိခိုက်နေသော တာချီလိတ်- မယ်ဆိုင်နယ်စပ်ဒေသ၏ ပုံရိပ် ပြန်လည်တည်ဆောက်ပြီး ခရီးသွားလုပ်ငန်းကဲ့သို့ တရားဝင် စီးပွားရေးလမ်းကြောင်းများအဖြစ် ပြန်လည် အသက်ဝင်လာစေရန်အတွက် အာဏာသိမ်းအစိုးရက ကြိုးပမ်းမှုတရပ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။
ဓာတ်ပုံ-Maesaipress
#WhatsHappeningInMyanmar
#RejectMilitaryCoup
18
3
2
1September 3, 2026 2.6K 2