ထိုင်းမှာ HIV ပိုးကူးသူ ၅ သိန်းခွဲကျော် ရှိလာ
ဧရာဝတီ၊ စက်တင်ဘာ ၃၊ ၂၀၂၆။
ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း ကူးစက်မှုအသစ် ၁၂,၀၀၀ ခန့် လျော့ကျသွားခဲ့သော်လည်း စုစုပေါင်း HIV ကူးစက်ခံရသူ ၅၅၇,၉၉၃ ဦး ရှိလာကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ခရိုင် ၇၇ ခုအနက် ၁၃ ခုတွင် လက်ရှိ၌ ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်စီ ရှိနေသည်။
ဘန်ကောက်မြို့က ကူးစက်မှု ၈၈,၅၃၅ ဦးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ ချွန်ဘူရီခရိုင်က ၃၁,၀၇၂ ဦးဖြင့် ဒုတိယနေရာတွင် ရှိပြီး ချင်းမိုင်ခရိုင်က တတိယနေရာတွင် ရှိသည်။ ချင်းမိုင်နှင့် အိမ်နီးချင်းဖြစ်သော ချင်းရိုင်ခရိုင်က ကူးစက်မှု ၁၇,၅၂၄ ဦးဖြင့် စတုတ္ထနေရာတွင် ရောက်ရှိနေသည်။
အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များသည် အန္တရာယ်အတိုင်းအတာ အမြင့်မားဆုံးနှင့် ရင်ဆိုင်နေရပြီး စုစုပေါင်း ကူးစက်မှု ၂၅,၀၀၀ ကျော်အထိ ပါဝင်နေသည်။
ကျန်းမာရေး တာဝန်ရှိသူများက အဆိုပါ အခြေအနေမှာ ပေါ့ဆမှုနှင့် ကွန်ဒုံးကို မှန်မှန်ကန်ကန် သုံးစွဲမှု မရှိခြင်းတို့ကြောင့် အဓိက ဖြစ်ပွားရခြင်းဖြစ်သည်ဟု သုံးသပ်ထားကြသည်။
ကူးစက်သူ အရေအတွက် မြင့်မားနေသော်လည်း ဆေးကုသမှု အကျိုးရလဒ်များမှာမူ အားကောင်းသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ အာဏာပိုင်များသည် သိရှိသမျှ ကူးစက်သူ အားလုံးနီးပါးကို ရောဂါရှာဖွေ မှတ်ပုံတင်ပေးနိုင်ခဲ့ပြီး ဆရာဝန်များက ဝေဒနာရှင်များ၏ ၈၃ ရာခိုင်နှုန်းခန့်ကို ARV ဗိုင်းရပ်စ်နှိမ်နင်းဆေး ကုသမှုစနစ်တွင် ထည့်သွင်းပေးနိုင်ခဲ့ရာ ၇၆ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က HIV ရောဂါသည် အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်သည့် ဆေးမရှိသေးသော်လည်း နေ့စဉ် ပုံမှန် ဆေးဝါးသောက်သုံးခြင်းဖြင့် လူနာများကို ကျန်းမာစေကာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို အလွန်ခက်ခဲသွားစေကြောင်း အတည်ပြုထားသည်။ ဆေးကုသမှု မခံယူပါက အဆိုပါ ရောဂါသည် အဆင့် ၃ ဆင့်ဖြင့် ကူးစက်ပြန့်ပွားသွားမည် ဖြစ်သည်။ ၎င်းတို့မှာ ရောဂါကူးစက်ရလွယ်ကူသည့် အစောပိုင်းအဆင့်၊ ကိုယ်ခံအားစနစ်ကို တိတ်တဆိတ် အားနည်းသွားစေသည့် ပိုမိုရှည်လျားသော အလယ်ပိုင်းအဆင့်နှင့် နောက်ဆုံး အန္တရာယ်အရှိဆုံး အေဒီအိုင်အက်စ် (AIDS) အဆင့်တို့ ဖြစ်ကြသည်။
ကိုးကား။ ။ Laotian Times သတင်း Thailand’s HIV cases pass 550,000
ဓာတ်ပုံ - ၂၀၁၉ ခုနှစ် ကမ္ဘာ့အေဒီအိုင်အက်စ် (AIDS) နေ့ အထိမ်းအမှတ် အများပြည်သူ အသိပညာပေး လှုပ်ရှားမှုတခုတွင် ရဲဗဟိုဆေးရုံကြီးမှ ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေစဉ်/ Bangkok Post
12
3
1
1
1September 3, 2026 1.7K 6