တောင်တရုတ်ပင်လယ်၌ တရုတ်ကျွန်းတုများတည်ဆောက်မှု ဗီယက်နမ် စိုးရိမ်မှုပိုတိုးလာ
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
တောင်တရုတ်ပင်လယ်ရှိ တရုတ်ခေါ် ရှီရှာ (Xisha) ကျွန်းစု၊ ဗီယက်နမ်ခေါ် ဘာဘာ (Ba Ba) ကျွန်းအပါအဝင် နေရာများတွင် တရုတ်၏ အဆောက်အအုံသစ်များ ဂြိုဟ်တုဓာတ်ပုံများမှ တွေ့မြင်ရပြီးနောက် ဗီယက်နမ်နိုင်ငံ ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း South China Morning Post က ဆိုသည်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hangက "ဒါကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ တရားဝင် ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြပြီးပြီ။ ဒီလိုလုပ်ဆောင်ချက်တွေကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ထပ်မံ မလုပ်ဆောင်ဖို့ တောင်းဆိုပါတယ်" ဟု ဆိုသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ ခွင့်ပြုချက်မရှိဘဲ ပါရာဆယ်ကျွန်းစုနှင့် အန်တီလော့ကျောက်တန်းတို့တွင် လုပ်ဆောင်နေသည့် မည်သည့်လှုပ်ရှားမှုမဆို "လုံးဝ တရားမဝင်ပါ" ဟု ထည့်သွင်းပြောဆိုခဲ့ပြီး Asia Maritime Transparency Initiative (AMTI) ၏ သြဂုတ် ၁၄ ရက် အစီရင်ခံစာအရဆိုလျှင် တရုတ်သည် အန်တီလော့ ကျောက်တန်း၌ မြေဖို့လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ပြီး၊ လေယာဉ်ပြေးလမ်းဟု ယူဆရသည့် အဓိက အခြေခံအဆောက်အအုံများ စတင် ပေါ်ပေါက်လာပြီဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်အစိုးရအနေဖြင့် တရုတ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိန်းညှိရင်း၊ ပြည်တွင်းတည်ငြိမ်မှုကိုပါ ထိန်းသိမ်းရန် ကြိုးပမ်းနေရသည့် အတွက် စိန်ခေါ်မှုများရှိနေပြီး အထူးသဖြင့် လူငယ်များကြားတွင် တရုတ်၏လုပ်ရပ်များအပေါ် မကျေနပ်မှုများ မြင့်တက်နေခြင်းက အစိုးရအပေါ် ဖိအားဖြစ်စေသည်။
ထို့ပြင် ဗီယက်နမ်၏ ယခုကဲ့သို့ လူသိရှင်ကြား ကန့်ကွက်ခြင်းသည် ၎င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ခြင်းဖြစ်ပြီး၊ တရုတ်၏ လုပ်ရပ်များကို လက်ခံခြင်းမရှိကြောင်း ပြသခြင်းနှင့် ပြည်တွင်းပြည်သူများကို စိတ်ချစေရန် ရည်ရွယ်သည့် လုပ်ဆောင်ချက်တခု ဖြစ်ကြောင်း ကျွမ်း ကျင်သူများက သုံးသပ်ထားကြသည်။
ဓာတ်ပုံ- Clashreport
19
3
2
1September 2, 2026 1.9K 2