အာဏာသိမ်းအစိုးရကို တရားဝင်မှု မပေးဖို့ ထိုင်းဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာများ ပို့
ဧရာဝတီ၊ စက်တင်ဘာ ၂၊ ၂၀၂၆
ထိုင်းအစိုးရအနေဖြင့် အာဏာသိမ်းအစိုးရအား တရားဝင်မှုပေးသည့် လုပ်ရပ် ရှောင်ရှားရန်၊ ဒုက္ခသည်များကို အဓမ္မ ပြန်လည်ပို့ဆောင်ခြင်းမှ ကာကွယ်ပေးရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာကို နိုင်ငံတကာရောက် ဒီမိုကရေစီရေးလှုပ်ရှားသူများက ထိုင်းသံရုံးမှတဆင့် ဝန်ကြီးချုပ်ထံ ယနေ့ တပြိုင်နက် ပေးပို့ခဲ့သည်။
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ထိုင်းနိုင်ငံသံရုံးအပါအဝင် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်ရှိ ထိုင်းသံရုံးများရှေ့တွင် တပြိုင်နက် ဆန္ဒထုတ်ဖော်၍ တောင်းဆိုစာ ပေးပို့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံ ထိုင်းသံရုံးရှေ့၌ ယနေ့ နံနက် ၁၁ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုစာတွင် ထိုင်းနိုင်ငံ၏ ဆယ်စုနှစ်များစွာ ပံ့ပိုးပေးခဲ့သော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများအတွက် ကျေးဇူးတင်ကြောင်း၊ တရားမဝင် အာဏာသိမ်းယူကာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပြစ်မှုကျူးလွန်နေသည့် မင်းအောင်လှိုင်နှင့် လတ်တလော ထိတွေ့ဆက်ဆံမှုများအပေါ် စိုးရိမ်ပူပန်မှုများကို ဖော်ပြထားသည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်လိုက်သော ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကိုလည်း ထောက်ပြထားပြီး၊ မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ခံရပါက ဖိနှိပ်ချုပ်ချယ်မှု၊ မတရားဖမ်းဆီးထိန်းသိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် အဓမ္မစစ်သားစုဆောင်းခံရမှုတို့နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ထိတွေ့ဆက်ဆံရန်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံရန်လည်း ထိုင်းနိုင်ငံကို တိုက်တွန်းထားသည်။
ပုံစာ-ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ထိုင်းသံရုံးရှေ့ ယနေ့ နံနက်က ဆန္ဒထုတ်ဖော်နေကြစဉ်/CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
24
7
5
1September 2, 2026 2.2K 2